ကချင်ပြည်နယ် ရွှေဘိုမြို့အထွက် စစ်ကောင်စီဂိတ်မှာ လူငယ်တွေကို ၂ ရက်ဆက် စစ်သားစုဆောင်း ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့ဘက်ကနေ ကချင်ပြည်နယ်ဘက်ကို ထွက်လာတဲ့လမ်း ရွှေဘိုအထွက်က စစ်ကောင်စီဂိတ်မှာ စစ်ဆေးမေးမြန်း ဖမ်းဆီးနေတာဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက် မနက်မှာ လူငယ် ၂၂ ဦးကို ဖမ်းဆီးထားခဲ့တယ်လို့ မျက်မြင်ကြုံတွေ့ခဲ့သူတဦးက ပြောပါတယ်။
“စစ်ကိုင်းဘက်ခြမ်းမဟုတ်ဘူး။ ကချင်ဘက်ခြမ်း ရွှေဘိုအထွက်မှာ စစ်ကောင်စီဂိတ်ရှိတယ်။ အဲဒီမှာ စစ်တယ်။ ကားပေါ်က တစ်ယောက်ချင်းစီ စစ်တယ်။ ကျနော်တို့ကားထဲကတော့ ၁၃/ နဲ့ တယောက် ပါသွားတယ်။ ဘယ်သွားမလဲ ဘာသွားလုပ်မလဲ မေးတာပေါ့။ ရှေ့ကားကတော့ လူငယ် ၄ယောက် ဖမ်းထားတာ။ မနေ့က မနက် ၁၁ နာရီလောက်မှာ အဲ့ဂိတ်က ဖြတ်လာတာ။ ကျနော်တို့ ဖြတ်လာတော့ လူငယ် ၂၂ ယောက် သူတို့ ဖမ်းထားတာတွေ့တယ်။ အခုတလော လူငယ်တွေ ခရီးသွားတာ သိပ်မလုပ်ကြဖို့ပဲ ပြောချင်ပါတယ်။”
ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာလည်း မန္တလေး - ရွှေဘို လမ်းပိုင်း ကိုးပင်ဆည်အနီးက ကိုးပင်ဂိတ် စစ်ဆေးရေးဂိတ်မှာလည်း လူငယ် အယောက် ၃၀ ဝန်းကျင်ကို ဖမ်းဆီးထားတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီက “ပြည်သူ့စစ်မှုထမ်းဥပဒေ” ကို ပြဌာန်းလိုက်ပြီးနောက်မှာ စစ်ကောင်စီတပ်သားတွေက မြို့တွင်းက လူငယ်တွေအပြင် ခရီးသွားလူငယ်တွေကိုလည်း တရားမဝင် ဖမ်းဆီးထိန်းသိမ်းတာတွေ လုပ်ဆောင်လာခဲ့တာပါ။