Home
မြန်မာသတင်း
LIANFA အထည်ချုပ်စက်ရုံ၌ စစ်ဆေးရေးမလာခင် အလုပ်သမားများကို ကားဖြင့်ခေါ်ထုတ်ပြီး ရှောင်ခိုင်း
DVB
·
February 15, 2024
ferry_15022024

လိူင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မူဇုန်ရှိ LIANFA အထည်ချုပ်စက်ရုံမှာ ဖေဖော်ဝါရီ ၁၄ ရက်က စစ်ဆေးရေးဝင်ခဲ့ပြီး စစ်ဆေးတဲ့အဖွဲ့မလာခင် အလုပ်သမားတွေကို ဖယ်ရီကားနဲ့ ခေါ်ထုတ်ပြီး ရှောင်ခိုင်းခဲ့တယ်လို့ အဲဒီစက်ရုံအလုပ်သမားအရေး ကူညီနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ဆီက သိရပါတယ်။

LIANFA စက်ရုံမှာ လုပ်ငန်းခွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုရှိတယ်ဆိုပြီး တိုင်ကြားတာတွေကြောင့် ဖေဖော်ဝါရီ ၁၄ ရက်က စစ်ဆေးရေးဝင်ခံရတာဖြစ်ပါတယ်။

အဲဒီလို စစ်ဆေးရေးဝင်မှာကို စက်ရုံဘက်က သတင်းကြိုရပြီး စစ်ဆေးတဲ့အဖွဲ့တွေ မရောက်ခင် အလုပ်သမား ၁၀၀ လောက်ပဲချန်ထားပြီး ကျန်အလုပ်သမားတွေကို အပြင်ခေါ်ထုတ်သွားတာလို့ အလုပ်သမားတွေက ပြောပါတယ်။

"စစ်ဆေးရေးအဖွဲ့တွေ ပြန်သွားတော့ အလုပ်ထဲပြန်ဝင်ရတယ်" လို့ အဲဒီစက်ရုံအလုပ်သမားတဦးက ပြောပါတယ်။

စက်ရုံမှာ ကျန်ခဲ့သူတွေဟာ အလုပ်ရှင်က ထွက်ဆိုခိုင်းတဲ့အတိုင်း ပြောမယ့်သူတွေဖြစ်ပြီး စစ်ဆေးရေးအဖွဲ့တွေပြန်သွားမှ အလုပ်သမားတွေကို စက်ရုံထဲပြန်ဝင်ခိုင်းတယ်လို့ ဆိုပါတယ်။

STUM တာဝန်ရှိသူတဦးက “သေချာတာကတော့ ဝန်ကြီးရုံး repot လှလှလေးရေးပြီး သတင်းမှားတင်တယ်လို့ပဲ သုံးသပ်ကြမှာပေါ့” လို့ပြောပါတယ်။

LYANFA စက်ရုံကို ပြီးခဲ့တဲ့နှစ် မေလက ဖွင့်လှစ်ခဲ့ပြီး ဝန်ထမ်းဦးရေ ၁၀၀၀ ကျော်နဲ့ စတင်လည်ပတ်ခဲ့တာလို့ သိရပါတယ်။

အဲဒီစက်ရုံမှာ အလုပ်ခန့်ထားမူဆိုင်ရာ သဘောတူစာချုပ် (EC) စာချုပ်ကို အလုပ်သမား လက်ဝယ်တအုပ် လက်ခံ ပေးမထားတာ၊ တချို့ ဝန်ထမ်းတွေ EC ချုပ်ဆို မထားတာ၊ Day ကြေး တဦးလျှင် ၅၆၀၀ ကျပ် ပေးထားပေမဲ့ ပိတ်ရက်တွေမှာ ၄၈၀၀ ကျပ်ပဲ ​ပေးတာ၊ အချိန်ပို မဆင်းရင် ဖယ်ရီ စီစဉ်မပေးတာ၊ ရက်ပျက်ရင် ကျွမ်းကျင်ကြေး ဖြတ်တောက်တာ၊ Grade လျော့ချတာ၊ အချိန်ပိုညလုံးပေါက် ရက်ဆက် ဆင်းရတာ၊ ညဆိုင်းဆင်းချိန်မှာ ရေလုံပြုတ်ဟင်းတွေပဲ ကျွေးတာ​တွေကို အလုပ်သမားတွေ ရင်ဆိုင်နေရတာလို့ STUM က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းကာလမှာ စက်ရုံအတွင်း လုပ်ငန်းခွင် အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ သတင်းတွေထွက်ရင် စစ်ဆေးရေးအဖွဲ့တွေက ဝင်ရောက်စစ်ဆေးတာရှိပြီး အခုလို စက်ရုံတွေဘက်က ကြိုတိုက်ထားတဲ့အတိုင်း ဖြေဆိုသူတွေနဲ့ တွေ့ပြီးတဲ့နောက် ထွက်ပေါ်နေတဲ့သတင်းအမှားတွေဖြစ်ကြောင်း ဖြေရှင်းလေ့ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024