ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူတွေထောက်ခံတဲ့ပုံစံမျိုး နိုင်ငံတကာ မြင်လာစေဖို့ မြို့နယ်အလိုက် တပ်ထောက်ခံပွဲတွေ ပြုလုပ်ဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားထားတယ်လို့ ထွေအုပ်အသိုက်အဝန်းကနေ သိရပါတယ်။
စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေကို အတည်ပြု လက်မှတ်ထိုးပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ထောက်ခံပွဲတွေ ပြုလုပ်ဖို့ ညွှန်ကြားခဲ့တာလို့ ရန်ကုန်တိုင်းထွေအုပ်မှ အမည်မဖော်လိုသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မန္တလေးကို အရင်စာကျတာ။ ရန်ကုန်က ဒီနေ့မှခွင့်ပြုတာ။ ၇ မြို့နယ်လောက်ရှိမယ်။ တချို့နေရာတွေက မြို့နယ်ပေါင်းပြီးလုပ်တာ၊ တပ်ကလူတွေနဲ့ မဘသ၊ ကြံ့ဖွတ်တွေပေါင်းပြီး လုပ်တာ၊ လုံခြုံရေးက တပ်ရော ရဲရော ယူပေးရတာ။ ဒီနေ့ ၇ မြို့နယ်ပြီးရင် နောက်ရက်မှာ တခြားမြို့နယ်တွေ ထပ်လုပ်မယ်။”
ဖေဖော်ဝါရီ ၁၅ ရက် မနက် ၉ နာရီက ကျောက်တံတားမြို့နယ် ဗဟာဗန္ဓုလပန်းခြံရှေ့မှာ တပ်ထောက်ခံသူ၊ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ အမျိုးသားရေးလှုပ်ရှားသူတွေ စုပေါင်းကာ စစ်မှုထမ်းဥပဒေ ထောက်ခံပွဲ ပြုလုပ်ခဲ့တယ်လို့ ကျောက်တံတားမြို့ခံတဦးက ပြောပါတယ်။
“ထောက်ခံပွဲလာတဲ့သူတွေ စစ်မှုထမ်းရင်တောင် တခြားသူတွေ ဝင်စရာမလိုဘူး။ ထောက်ခံပွဲလုပ်နေမယ့်အစား ကိုယ်တိုင် စစ်မှုထမ်းရမှာ။ သူတို့ထောက်ခံပွဲလာလုပ်တိုင်း စျေးသည်တွေ ဒုက္ခရောက်၊ လာတဲ့သူတွေက ကလေကချေတွေ၊ စျေးသည်တွေရော လမ်းသွားလမ်းလာတွေပါ ပြဿနာရှာတာ။”
စစ်မှုထမ်းဥပဒေ ထောက်ခံပွဲကို ဖေဖော်ဝါရီ ၁၅ ရက် မနက် ၉ နာရီကနေ နေ့လယ် ၂ နာရီအထိ ကျောက်တံတား၊ ထောက်ကြံ့၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ သန်လျင်၊ တွံတေးနဲ့ မင်္ဂလာဒုံ မြို့နယ်တွေမှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
အလားတူ ဖေဖော်ဝါရီ ၁၃ ရက်က မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မိတ္ထီလာနဲ့ မကွေးတို့မှာ ပြုလုပ်ခဲ့ပါတယ်။