ကြားကာလ ပြည်နယ်၊ ဖက်ဒရယ် ယူနစ် ဆေးရုံနဲ့ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင် ဖို့အတွက် CDM အထူးကု ဆရာဝန်တွေအပါအဝင် ရာထူးနေရာ အသီးသီးအတွက် ကျန်းမာရေးဝန်ထမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက ခေါ်ယူနေပါတယ်။
လျှောက်ထားလိုသူတွေ အနေနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဖွား၊ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမှာဖြစ်ပြီးတော့ CDM နိုင်ငံ့ဝန်ထမ်းဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းမဟုတ်သူဖြစ်စေ အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်မှု မရှိသူ ဖြစ်ရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကြားကာလ ပြည်နယ်၊ ဖက်ဒရယ်ယူနစ်တွေက တာဝန်ချထားမယ့် နေရာဒေသတွေမှာ သွားရောက်တာဝန် ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ ဖေဖော်ဝါရီ ၁၅ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်မှာဖော်ပြပါတယ်။
တော်လှန်ရေးကာလနဲ့ ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်နေကြတဲ့ ကျန်းမာရေးသူရဲကောင်းတွေအတွက် လက်ရှိကာလအတွင်း လူမှုဘဝလုံခြုံမှုနဲ့ လုပ်ငန်းခွင်လုံခြုံမှုတွေကို ကာကွယ်စောင့်ရှောက်မှုတွေ ပေးအပ်နိုင်ဖို့လည်း အစီအစဉ်တွေ ချမှတ်ထားရှိပြီး တော်လှန်ရေးအလွန်ကာလမှာလည်း ဘဝအာမခံချက်တွေနဲ့ အထူးအခွင့်အရေးတွေကို ဖက်ဒရယ်ဒီမိုကရေစီမူဝါဒတွေနဲ့အညီ ပေးအပ်သွားမယ်လို့လည်း ဆိုပါတယ်။
ဝန်ကြီးဌာနအနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေး အင်အားစုတွေနဲ့ တော်လှန်ရေးကာလအတွင်း အခက်အခဲအမျိုးမျိုးကြား ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူ ကျန်းမာရေးသူရဲကောင်းတွေအားလုံးကို အထူးအသိအမှတ်ပြု၊ ဂုဏ်ပြုမှတ်တမ်းတင်အပ်ကြောင်လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
NUG ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ ခုလိုကျန်းမာရေးဝန်ထမ်းတွေ ခေါ်ယူတာတွေကို စဉ်ဆက်မပြတ် ပြုလုပ်နေပြီး ကာကွယ်ရေးဝန်ကြီးဌာနကလည်း CDM ဆရာဝန်၊ သူနာပြုတွေ အပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ ခေါ်ယူခဲ့ဖူးပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြည်သူ့ရဲဘော်တွေ၊ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ အင်တိုက်အားတိုက် ဆောင်ရွက်ပေး နေတာကြောင့် ကျန်းမာရေးဝန်ထမ်းအင်အား လိုအပ်နေတယ်လို့ ဆိုပါတယ်။
Photo-NUG