Home
မြန်မာသတင်း
လွိုင်ကော်မြို့  ၄ ပုံ ၃ ပုံကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထိန်းချုပ်ထား
DVB
·
February 15, 2024
KNDF_15022024

ကရင်နီ (ကယား) ပြည်နယ်ရဲ့မြို့တော် လွိုင်ကော်မြို့မှာ ၁၁၁၁ စစ်ဆင်ရေးနဲ့အတူ တိုက်ခိုက်နေတာ ၃ လကျော်ရှိလာပြီး မြို့ရဲ့ လေးပုံသုံးပုံဖြစ်တဲ့  ၇၅ ရာခိုင်နှုန်းနီးပါးကို တော်လှန်ရေးတပ်ပေါင်းစုတွေ ထိန်းချုပ်ထားပါတယ်။

လွိုင်ကော်မြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ဒီဗွီဘီသတင်းထောက်က သွားရောက်  သတင်းယူခွင့်ရရှိခဲ့ရာမှာ  မြို့ရဲ့ နေရာတော်တော်များများကို တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတာကို မြင်တွေ့ရပါတယ်။

စစ်အာဏာသိမ်းတာကို ဆန့်ကျင် တော်လှန်တဲ့သူတွေကို စစ်ကောင်စီတပ်တွေက စောင့်ပြီးဖမ်းဆီးတာတွေလုပ်ခဲ့တဲ့ လွိုင်ကော်မြို့ပေါ် လမ်းဆုံလမ်းခွတွေမှာ အခုတော့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားလိုက်ပါပြီ။

KNDF ဗျူဟာ(၂) စစ်ကြောင်းမှူးက “ဒီလမ်းဆုံလမ်းခွနေရာတွေက အရင်က သူတို့ ကင်းစောင့်ပြီး ဖမ်းတဲ့နေရာတွေပေါ့။ တော်လှန်ရေးသမားတွေဖြစ်ဖြစ် အာဏာရှင်မကြိုက်လို့ ဆန္ဒပြတဲ့သူပဲဖြစ်ဖြစ်။ ဒီနေရာတွေမှာထိုင်ပြီးတော့ ဖမ်းဆီး ထိန်းသိမ်းထားတယ်။ ဒါပေမဲ့ အခုတော့ ကျနော်တို့ ရထားပြီ”လို့ပြောပါတယ်။

လွိုင်ကော်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေကနေ့ စဉ်ဖြစ်နေတာဖြစ်ပြီး တချို့နေရာတွေမှာတော့ နှစ်ဖက်တပ်တွေက အရမ်းနီးနီးကပ်ကပ် ရှိနေပါတယ်။

KNDF ဗျူဟာ(၂) စစ်ကြောင်းမှူးက “အခုလက်ရှိအခြေအနေက ကျနော့်ဘက်ခြမ်းမှာ နေ့စဉ်ရသလောက် ကျနော်တို့နေရာ လိုက်ယူတာရှိတယ်။ ကျနော်တို့နဲ့ ဟိုကောင်တွေနဲ့က ဟိုဘက်ဒီဘက်ပဲ။ လမ်းနဲ့ဆိုရင် မျက်နှာချင်းဆိုင်ပေါ့။ ကျနော်တို့ ရသလောက် ချေမှုန်းရေး လုပ်တယ်။ ရသလောက် ဖိအားပေးတာရှိတယ်။ လမ်းဘဲကွာတယ်၊ သူတို့က စာသင်ကျောင်းထဲမှာ  ကျနော်တို့က ဒီဘက်ထဲမှာ Cover သေချာလုပ်ပြီး ရင်ဆိုင်ထားတယ်”လို့ ပြောပါတယ်။

လွိုင်ကော်မြို့က နေအိမ်တွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ ဗုံးလာကြဲတာအပြင် အခုနောက်ပိုင်းမှာ ဒရုန်းတွေသုံးပြီး မီးလောင်ဗုံးတွေ လိုက်ကြဲချနေတယ်လို့လည်း  တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

လွိုင်ကော်မြို့ထဲမှာတော့ ပြည်သူလူထုတွေရဲ့ နေအိမ်တွေ အတော်များများဟာ လက်နက်ကြီးထိမှန်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။

လွိုင်ကော်တက္ကသိုလ် ပင်မအဆောက်အဦမှာတော့ တိုက်ပွဲကြောင့် ထိခိုက်မှုတွေရှိခဲ့ပေမဲ့ တချို့စာသင်ခန်းတွေကတော့ အကောင်းအတိုင်း ကျန်ရစ်ခဲ့ပါတယ်။ လွိုင်ကော်မြို့ခံတွေ အတော်များများကတော့  ဘေးလွတ်ရာနေရာတွေမှာ သွားရောက် စစ်ဘေးရှောင်နေကြရ ပါတယ်။ 

သီဟ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013