ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ လေထုညစ်ညမ်းမှုအဆင့်ဟာ ဖေဖော်ဝါရီ ၁၅ ရက်မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆင့်ထိ ရောက်သွားလို့ မြို့တော်အတွင်း နေထိုင်သူတွေ အိမ်ကနေ အလုပ်လုပ်ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
မော်တော်ဆိုင်ကယ် အငှားယာဉ်မောင်းတွေ အပါအဝင် ဘန်ကောက်မြို့ခံတွေက မျက်လုံးယားတာနဲ့ အသက်ရှူရ ခက်တာတွေအတွက် ညည်းညူနေကြပါတယ်။
မြို့တော်ဘန်ကောက်မှာ လေထုအတွင်း ပါဝင်နေတဲ့ အမှုန်အမွှားအဆင့်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုထားတဲ့ အဆင့်ထက် ၁၅ ဆ မြင့်မားနေပြီး ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ဘန်ကောက်မြို့ဟာ ကမ္ဘာ့ ၈ ခုမြောက် လေထုညစ်ညမ်းဆုံးမြို့ ဖြစ်လာတယ်လို့ ဆွစ်ဇာလန်အခြေစိုက် လေထုအရည်အသွေး ခြေရာခံ ဝက်ဘ်ဆိုက် IQAir က ပြောပါတယ်။
လေထုညစ်ညမ်းမှုဟာ ကောက်ပဲသီးနှံစိုက်ပျိုးရေးနဲ့ ဆက်နွှယ်တဲ့ မီးရှို့မှု၊ စက်မှုလုပ်ငန်းတွေနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် ထွက်လာတဲ့ မီးခိုးနဲ့ အမှုန်အမွှားတွေ ပေါင်းစပ် ဖြစ်ပေါ်လာတာပါ။
ဒါကြောင့် မြို့တော် ဘန်ကောက်ရဲ့ ကောင်းကင်ယံကို မီးခိုးမြူတွေ ဖုံးလွှမ်းနေပါတယ်။
Source/Photo-Reuters