Home
နိုင်ငံတကာ
ရုရှားသိပ္ပံပညာရှင်များက ကင်ဆာကာကွယ်ဆေး ဖန်တီးနိုင်ရန် နီးစပ်နေ
DVB
·
February 15, 2024
Russia_15022024

ရုရှားသိပ္ပံပညာရှင်တွေဟာ ကင်ဆာရောဂါ ကာကွယ်ဆေးတွေကို ဖန်တီးနိုင်ဖို့ နီးစပ်နေပြီး မကြာခင် လူနာတွေအတွက် ဆေးရနိုင်တော့မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။

မျိုးဆက်သစ်တွေအတွက် ကင်ဆာကာကွယ်ဆေးနဲ့ ရောဂါကာကွယ်နိုင်တဲ့စနစ်ရဲ့ တုံ့ပြန်မှုကို တိုးမြှင့်ပေးတဲ့ ဆေးတွေကို ဖန်တီးဖို့ အင်မတန် နီးကပ်နေပြီလို့ ပူတင်က ရုပ်သံကနေ မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

ဒီဆေးတွေကို တယောက်ချင်း ကုထုံးတွေအဖြစ် မကြာခင် ထိထိရောက်ရောက် အသုံးချနိုင်တော့မယ်လို့ ပူတင်က မြို့တော် မော်စကိုမှာ ကျင်းပတဲ့ အနာဂတ် နည်းပညာများ ဖိုရမ်မှာ ပြောခဲ့ပါတယ်။

ကာကွယ်ဆေးတွေဟာ ဘယ်လို ကင်ဆာအမျိုးအစားတွေကို ပစ်မှတ်ထားမှာလဲ ဆိုတာကိုတော့ ပူတင်က မပြောခဲ့ပါဘူး။

နိုင်ငံတချို့နဲ့ ကုမ္ပဏီတချို့ကတော့ ကင်ဆာကာကွယ်ဆေးထုတ်ဖို့ ကြိုးစားနေတာပါ။

၂၀၃၀ မှာ လူနာအယောက် တသောင်းကို တယောက်ချင်း ကင်ဆာကုသရေး စတင်ပြီး လက်တွေ့စမ်းသပ်ဖို့ ဗြိတိန်အစိုးရဟာ ဂျာမနီနိုင်ငံအခြေစိုက် ဘိုင်အိုအန်တက်ခ် ကုမ္ပဏီနဲ့ မနှစ်က သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

သုံးနှစ်ကြာ ကုသပြီးချိန်မှာ လူအသေအပျောက် အများဆုံး အရေပြားကင်ဆာကြောင့် သေဆုံးနှုန်းနဲ့ ရောဂါပြန်ဖြစ်နိုင်တဲ့ အခွင့်အလမ်းကို တဝက်ထိ လျှော့ချနိုင်ကြောင်းပြတဲ့ ကင်ဆာကာကွယ်ဆေး လေ့လာချက် အလယ်အလတ်အဆင့်ကို မိုဒါးနားနဲ့ မာ့ခ်အန်ကို ဆေးကုမ္ပဏီတွေက တီထွင်ထုတ်လုပ်နေပါတယ်။

လောလောဆယ်မှာ သားအိမ်ကင်ဆာ အပါအဝင် ကင်ဆာရောဂါ အများအပြားကို ဖြစ်စေနိုင်တဲ့ HPV ကို ကာကွယ်တဲ့ လိုင်စင်ရ ဆေး ၆ မျိုး ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ပြောပါတယ်။

အသည်းကင်ဆာ ဖြစ်စေနိုင်တဲ့ အသည်းရောင် ဘီ ကို ကာကွယ်ပေးတဲ့ဆေးလည်း ထွက်ရှိနေပါပြီ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေချိန်မှာ ရုရှားဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး စပွန်းညစ်ဖှိုက်ကို ထုတ်လုပ်ခဲ့ပြီး နိုင်ငံအတော်များများကို ရောင်းချခဲ့ပါတယ်။

ဒါပေမဲ့ ပြည်တွင်းမှာတော့ ဒီဆေးကို အထိုးခံဖို့ ပြည်သူတွေက ကျယ်ကျယ်ပြန့်ပြန့် တွန့်ဆုတ်နေခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။

ထိရောက်ဘေးကင်းမှုကို ပြည်သူတွေ စိတ်ချယုံကြည်အောင်လို့ ပူတင်ကိုယ်တိုင် စပွန်းညစ်ဖှိုက် ကာကွယ်ဆေးကို ထိုးနှံခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024