စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ ညောင်ပင်ကန်ရွာဦးမှာ ဖေဖော်ဝါရီ ၁၄ ရက် ဒီနေ့မနက် ၁၀ နာရီက စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြာင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၇ နာရီလောက် ဘုတလင်မြို့ကနေ စတင်ထွက်ခွာလာတဲ့ စစ်ကြောင်းက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“စစ်ကောင်စီ စစ်ကြောင်းလာပြီဆိုတော့ ကျနော်တို့ရွာက လူတွေ ရွာလုံးကျွတ်ထွက် ပြေးကြရတယ်။ အဲလိုထွက်ပြေးပြီး စစ်ကြောင်းပြန်သွားပြီလို့ သတင်းရတာနဲ့ ရွာထဲပြန်ဝင်တဲ့အခါ သူတို့ပစ်သတ်သွားတဲ့ ပြည်သူကာကွယ်ရေး ရဲဘော် ၄ ဦး အလောင်းကို တွေ့ခဲ့ရတယ်” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။
ကျဆုံးရဲဘော်ရုပ်အလောင်း ၄ လောင်းကို ပြည်သူ့ကာကွယ်ရေးဘက်က ကောက်ယူပြီး ကောင်မွန်စွာသင်္ဂြိုဟ် ပေးနိုင်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးက “စစ်ကြောင်းထွက်တယ်ဆိုတော့ ပြည်သူတွေ စစ်ဘေးရှောင်နိုင်ဖို့ လုံခြုံရေးလုပ်ပေးရင်း အလစ်ပစ်ခတ်ခံလိုက်ရတာပါဗျ။ သေဆုံးတဲ့ ရဲဘော်တွေက ထက်မြတ်လင်း ၂၁ နှစ်၊ နေဇော်ထွန်း ၃၂ နှစ်၊ ဝိုင်းစုအောင် ၁၈ နှစ်၊ နောက်ရဲဘော်တယောက်ရဲ့ အမည်နဲ့အသက်ကတော့ မသိရသေးဘူးဗျ။ ကျဆုံးတာက ၄ ဦး ဟုတ်ပါတယ်။ ဒီမိုကဒေစီရရှိရေးအတွက် ဒေသခံပြည်သူ တွေအတွက် အသက်ပေးအလုပ်လုပ်သွားတဲ့ ရဲဘော် ၄ ဦး ကောင်ရာ သုဂတိလားပြီး အာဇာနည်ရဲဘော်တွေအတွက် ချီးကျူးဂုဏ်ပြုလေးစားရပါတယ်” လို့ ပြောပါတယ်။
ဘုတလင်မြို့နယ် ကွမ်းခြံရွာကို ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ထန်းတောရွာကို ဖေဖော်ဝါရီ ၁၃ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။