ကျနော့်အိမ်ထရံပေါ်မှာ မြန်မာခုနှစ်၊ အင်္ဂလိပ်ခုနှစ်နဲ့ ကရင်ခုနှစ်ရယ်လို့ ခုနှစ်သုံးမျိုးနဲ့ ပြက္ခဒိန်နှစ်ခု ရှိပါတယ်။ အဲဒီနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ချစ်သူများနေ့ရယ်လို့ ကျနော်တို့ရွာမှာ တွင်တွင်ကျယ်ကျယ် မသိကြသေးပါဘူး။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ရဲ့ ညနေခင်းတခုမှာ ဧရာဝတီတိုင်းမှာ မိုးရိပ်လေစဉ် မကင်းခဲ့ပါဘူး။ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းလို့ ပြောရမှာဖြစ်ပါတယ်။ မိုးရွာပြီးစ ညနေခင်းက မိုးရေတွေနဲ့ ရောသွားတဲ့ ဖုန်နံ့တွေနဲ့ အရပ်လေးမျက်နှာမှာတော့ ကြည်လင်လှတယ်ရယ်လို့ မရှိဘဲ ထိုင်းထိုင်းမှိုင်းမှိုင်းရယ်ပါ။
မိုးရွာပြီးစ ကောင်းကင်ကြည်လင်သွားချိန်ဆို ကျနော်တို့ကလေးတွေ ကခုန်မြူးထူးကြတဲ့ အချိန်အခါကောင်းလည်း ဖြစ်ပါတယ်။ အဲ့ဒီညနေက ရွာက ကလေးတွေအားလုံး အိမ်ထဲကအိမ်ပြင် မထွက်ကြပါဘူး။
လူကြီးသူမတွေက အိမ်ထဲမှာ ညနေစာအတွက် ပြင်ဆင်နေကြချိန်လည်း ဖြစ်ပါတယ်။ ရွာခံတွေထဲက ရေဒီယိုခုံမင်သူတွေက ရေဒီယိုကလာတဲ့ သတင်းကိုပဲ နားစိုက်ထောင်နေကြပါတယ်။
ရေဒီယို နားထောင်ကြသူတွေထဲ ကျနော့်အဘွားလည်း ပါပါတယ်။ အဘွားက သူ မွေးထုတ်ခဲ့တဲ့ သူ့ရဲ့ ဖတဆိုးသားသမီးတွေအတွက် အမွေခွဲပြီး သီလရှင်ဆရာကြီးဘဝနဲ့ ဘဝကို ကျော်ဖြတ်နေသူပါ။
အဲဒီညနေကပေါ့၊ သီလရှင်ဆရာကြီးဖြစ်တဲ့ အဘွား ရေဒီယိုနားထောင်နေရင်း မျက်ရည်တွေ တကြောင်းချင်း တကြောင်းချင်း စီးကျလာတာကို တွေ့ရပါတယ်။ အဘွားရဲ့ ညီမဖြစ်သူက “အမကြီးက သီလရှင်ဘဝကြီးနဲ့ ဘာလို့များ မျက်ရည်ကျရသလဲ” ဆိုပြီး ပြောတော့ အဘွားက ရေဒီယိုသတင်းမှာ “ပဒိုမန်းရှာ လုပ်ကြံခံရလို့ သေပြီတဲ့”။
ဒီအကြောင်းကို သတင်းမှာ တခေါက်တည်း ကြေညာသွားတာပါ။ ကျနော်တို့ရွာမှာ ဒီသတင်းကို အကြိမ်ပေါင်း ထောင်သောင်းမက ဆင့်ကာဆင့်ကာ ပြောနေကြပါတော့တယ်။
ကျနော်က ရေဒီယိုကို သီချင်းလောက်ပဲ ကြိုက်တတ်သေးတဲ့အချိန်ပါ။ သတင်းတွေကိုတော့ စိတ်မဝင်စားပါဘူး။ အဘွားမျက်ရည်ကျတဲ့ သတင်းဆိုတော့ ကျနော်လည်း ဝမ်းနည်းမိတာတော့ အမှန်ပါ။
ဘယ်လိုမျိုး ဝမ်းနည်းခဲ့သလဲ ဆိုတာတော့ ပုံဖော်လို့မရခဲ့ပါဘူး။ ကျနော် လူကြီးသူမတွေရဲ့ သတင်းထဲက ပုံဖော်ပြောဆိုချက်တွေကို လိုက်နားထောင်ပါတယ်။ “ပဒိုမန်းရှာကို ဘယ်လိုနေရာကနေ သေနတ်သမားက ပစ်သွားတာ။”
အဲဒီအချိန်က ကျနော်တို့မိသားစုနေတဲ့ အဝန်းအဝိုင်းက လူမနီးသူမနီး အိမ်တစုနဲ့တစုက တခေါ်စာသာသာ။ လူကြီးတွေရဲ့ ပြောစကားတွေကို ကျနော်က အိမ်ရှေ့ဝါးခြံကြီးထဲကနေ လူတယောက်က လူတယောက်ကို၊ ပြီးတော့ သေနတ်သံထွက်လာပုံကို စိတ်ကူးထဲက ပုံဖော်နေမိပါတယ်။ ကျနော့်စိတ်ကူးနဲ့အတူ သက်ပြင်းဘယ်နှကြိမ် ချမိလိုက်သလဲ ဆိုတာကိုတော့ သတိမထားမိလိုက်ပါဘူး။
စိတ်ထဲမှာ အဘွားက ဘာလို့ မျက်ရည်ကျရသလဲ။ ပဒိုမန်းရှာနဲ့ ဘယ်လိုသိကြသလဲ ဆိုတာကို နှစ်တွေအတော်ကြာတော့မှ အဘွားကို မေးမိပါတယ်။
အဲ့ဒီအကြောင်း ပြန်ပြောပြချိန်မှာ အဘွားဟာ အိမ်ပေါ်ကနေ အိမ်အောက်အထိ ခရီးဝေးမသွားနိုင်တော့တဲ့ အိုမင်းမှုရဲ့ တိုက်စားခြင်းကို ယဲ့ယဲ့ကလေး ကြံ့ကြံ့ခံနေရချိန် ဖြစ်ပါတယ်။
“တရွာလုံးမှာ တို့ညီအမတွေပဲ ကျောင်းတက်ကြတာ။ တခြားမိဘတွေက ပစ်တာခတ်တာ ခဏခဏဖြစ်လို့ ကလေးတွေကို ကျောင်းမပို့ကြဘူးလေ။ သူ(ပဒိုမန်းရှာ)က တို့ထက် တတန်းငယ်တယ်။”
ငယ်ဘဝတွေကိုမေးတော့ အားပါးတရကို ပြောပြနေတာပါ။ အဲဒီအချိန်က ကလေးတွေကို ကျောင်းခန်းထဲ ပို့နိုင်တဲ့ မိဘတွေတောင် ခေတ်ကာလအခြေအနေအရ သားသမီးတွေကို ကျောင်းမပို့ကြတာမျိုး ရှိခဲ့ဖူးတဲ့အကြောင်း သိခဲ့ရပါတယ်။
တနေ့မှာ အဘွားတို့ညီအမတွေ ကျောင်းကအပြန် တိုက်ပွဲဖြစ်လို့ နီးစပ်ရာ အမျိုးတွေရှိတဲ့ ဗုံးခိုကျင်းထဲ ဝင်ခိုခဲ့ရတဲ့အကြောင်း ပြောပြပါတယ်။
အိမ်တိုင်းမှာ ဗုံးခိုကျင်းတွေ တူးဖော်ထားရတဲ့အချိန် ဖြစ်ပါတယ်။ လက်နက်ကျည်ဆန် အကြီးတွေ ကျတဲ့ဒဏ်ကို ခံနိုင်ဖို့အတွက် ကောင်းပေ့၊ ခိုင်ပေ့ဆိုတဲ့ သစ်ပင်ကြီးကို ခုတ်လှဲပြီး ကျင်းအဖုံး လုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။
အိမ်တိုင်းက ဗုံးခိုကျင်းရှိကြတဲ့အတွက် လေယာဉ်သံကြားတဲ့အချိန်၊ ပစ်ခတ်သံ အသံကျယ်ကျယ် ကြားတဲ့အချိန် ဗုံးခိုကျင်းထဲ ပြေးဝင်ကြတော့တာပါပဲ။ အဖေ၊ အမေ၊ အမကြီး၊ အစ်ကိုကြီး၊ အကြီးအကဲဖြစ်တဲ့သူတွေက ဗုံးခိုကျင်းထဲ မိသားစု စုံစုံလင်လင်ရောက်မှပဲ သူတို့က ကျင်းထဲဆင်းကြတယ်လို့ ပြောပြပါတယ်။
လမ်းပေါ်မှာ လမ်းသွားနေတဲ့ ကလေး၊ လူကြီး မကျန် အရေးအကြောင်းကြုံရင် သူ့အိမ် ကိုယ့်အိမ်ရယ်လို့ မရွေးနေတော့ဘဲ ဗုံးခိုကျင်းထဲ ပြေးဝင်ခိုလှုံကြရတာလည်း ဖြစ်ပါတယ်။
အဘွားက သူတို့ညီအမတွေ ကျောင်းသွားကျောင်းပြန် လမ်းခရီးအခြေအနေတွေနဲ့ သူတို့ကြုံရသမျှ မှတ်ဉာဏ်ထဲပေါ်လာသမျှ ပြောပြပါတယ်။
အဲ့ဒီအချိန်က သူတို့စာသင်ခန်းက ဘယ်လိုမျိုးလဲ။ ကျောင်းထဲက အတန်းဖော်တွေက များများစားစားရှိပုံတော့ မပေါ်ပါဘူး။ အတန်းချင်းမတူကြရင်တောင် တခန်းနဲ့တခန်း ဘယ်သူဘယ်ဝါ ရှိနေကြလဲဆိုတာတော့ ခဏအတွင်း မျက်မှန်းတန်းမိကြမယ် ထင်ပါတယ်။
အတန်းဖော်တွေရဲ့ သံယောဇဉ်ကလည်း တခြားသူတွေထက် ပိုကြီးကြတယ်။ သူတို့သက်တမ်းတွေက ငယ်ပေါင်းကြီးဖော်တွေအကြောင်း ပြောပြရင် နားထောင်ကောင်းလို့ ကျနော်တို့မြေးတွေက ပြောပြဖို့ ခဏခဏ တောင်းဆိုလေ့ ရှိပါတယ်။
ကျနော် လူငယ်ဘဝမှာ ရေဒီယိုကို စွဲစွဲလမ်းလမ်း ကြိုက်လာပါတယ်။ သီချင်းတွေထက် သတင်းတွေကို ပိုပြီး နားထောင်ဖြစ်ပါတယ်။ သတင်းတွေထဲမှာ ကိုယ့်အနီးအနားက သူတွေအတွက် သတင်းကောင်းပါလာမလား၊ သတင်းဆိုးပဲ ပါလားမလားဆိုတဲ့ အတွေးမျိုးကို အကြိမ်ကြိမ် ဝင်မိပါတယ်။
အချိန်ကာလ ရွေ့လျားခြင်းနဲ့အတူ ရေဒီယိုကသတင်းကို အကြိုက်တွေ့နေတဲ့ကျနော် သတင်းသမား ဖြစ်လာပါတယ်။ ကျရာတာဝန်တွေကြား သွားလာသတင်းယူနေချိန်မှာ တနေ့တော့ ပဒိုမန်းရှာ ကွယ်လွန်ခြင်း အောက်မေ့ပွဲတခုကို သတင်းယူဖို့အတွက် တာဝန်ပေးခြင်း ခံရပါတယ်။
ရန်ကုန်မြို့ “တော်ဝင်နှင်းဆီ” ဟိုတယ်ခန်းမကြီးထဲမှာ ကျင်းပကြတာဖြစ်ပါတယ်။ သူကွယ်လွန်ခြင်း အမှတ်ရချက်တွေကို ရန်ကုန်မြို့ပေါ် ထင်ထင်ရှားရှား ပြုလုပ်ခွင့် ရနေချိန်လည်း ဖြစ်ပါတယ်။
အဲဒီအချိန်က ပဒိုမန်းရှာကွယ်လွန်ခြင်း လွမ်းဆွတ်ခြင်း အထိမ်းအမှတ်အဖြစ်နဲ့ သူ ရေးခဲ့ဖူးတဲ့ ကဗျာ၊ ဆောင်းပါးတွေနဲ့ သူ့အကြောင်းတွေကို အမှတ်ရ ပြောပြကြတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ရေးသားပြောဆိုချက် တချို့ပါတဲ့ “ရေဆန်” စာအုပ်ကို ထုတ်ပြီး မိတ်ဆက်လာတာလည်း ဖြစ်ပါတယ်။
အဲ့ဒီစာအုပ်ကို အမိအရ ဝယ်ခဲ့ပါတယ်။ အကြောင်းကတော့ ကိုယ်တိုင်ဖတ်ဖို့နဲ့ အဘွားကို လက်ဆောင်ပေးဖို့ဆိုတဲ့ စိတ်ကူးပါ။ စာအုပ်ထဲက ဖတ်ထားပြီးသား အကြောင်းတွေကိုလည်း ပြန်ပြောလို့ရအောင်လည်း ပါပါတယ်။
အခုတော့ “ရေဆန်” စာအုပ်အကြောင်းကို ပြန်တွေးမိတော့ တော်လှန်ရေးနယ်မြေက အကြောင်းတွေ ရေးထားတဲ့ ကဗျာတွေကို ဖတ်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။ ကျနော့်အတွက် အစောဆုံး ထိတွေ့ခွင့်ရခဲ့တဲ့ ကဗျာတွေဟာ “ရေဆန်” စာအုပ်ထဲက ကဗျာတွေပါပဲလားဆိုပြီး စာအုပ်တွေကိုစုဖို့ စပြီး ခုံမင်လာခဲ့တဲ့ အချိန်ကိုလည်း ပြန်အမှတ်ရမိပါတယ်။
ရေဆန်……ရေဆန်…….ရေဆန် ဒီစကားလုံးက အကြိမ်ကြိမ် အခါအခါ အတွေးထဲ ဝင်ဝင်လာတဲ့ စကားလုံးပါ။ တွေးမိတိုင်းလည်း လိုရင်းကို ရှာမတွေ့မိပါဘူး။ ဒီစာအုပ်ကို ဖတ်ပြီးချိန် သုံးနှစ် လေးနှစ်ကျော်အကြာမှာ ပဒိုမန်းရှာရဲ့ သမီးဖြစ်သူက အင်္ဂလိပ်လို ရေးသားပြီး နိုင်ဦးက မြန်မာဘာသာပြန်ထားတဲ့ “ဖေဖေ့သမီး ဇိုယာဖန်း” စာအုပ် ထွက်လာတော့ ရေဆန်ကို ကွက်ကွက်ကွင်းကွင်း ခံစားမိသွားပါတယ်။
စာထဲမှာ အရှေ့က ရေဆန်ခရီး ဆန်တက်သွားသူနောက်ကို လိုက်လာကြတဲ့ အမျိုးသမီးတဦးနဲ့ သူ့ရဲ့ နောက်လိုက်နောက်ပါတချို့ရဲ့ ဧရာဝတီတိုင်းကနေ ပဲခူးတိုင်းကိုဖြတ် ပဲခူးတိုင်းက ကော်သူးလေနယ်မြေထဲ ရောက်ဖို့ သွားရတဲ့ခရီးအကြောင်း ဖတ်ရတော့ စာဖတ်သူ ကျနော့်ရင်ထဲ ဒါဟာ ရေဆန်ခရီးပဲ ဆိုတာကို ခံစားမိပါတယ်။
စာအုပ်ထဲက အကြောင်းအရာတွေရဲ့ ရင်ထဲကို ထိမိစေတဲ့ ပုံရိပ်တချို့ကို အခုချိန်ထိ တယောက်ယောက်နဲ့ စကားလက်ဆုံကျမိရင် ပြောဖြစ်နေတုန်းပဲ ဖြစ်ပါတယ်။
ဒီကနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်ဟာ ပဒိုမန်းရှာ ကွယ်လွန်ခဲ့တာ ၁၆ နှစ်မြောက်နေ့လည်း ဖြစ်ပါတယ်။
ပဒိုမန်းရှာဟာ ၂၀ဝ၈ ခုနှစ်က ထိုင်းနိုင်ငံ မဲဆောက်မြို့က နေအိမ်မှာ လုပ်ကြံခံခဲ့ရပြီး သူ့ကို ပစ်ခတ်သွားတဲ့ တရားခံကိုတော့ ခုအချိန်အထိ မိသွားတယ်လို့ မကြားမိသေးပါဘူး။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရာမှာ သဘောထားပြတ်သားသူလို့ လူသိများတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ အထွေထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလားဖန်း လုပ်ကြံသတ်ဖြတ်ခံရမှုဟာ အခုနှစ် ၂၀၂၄ ဖေဖော်ဝါရီ ၁၄ ရက်မှာ ၁၆ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
ပဒိုမန်းရှာလားဖန်း လုပ်ကြံသတ်ဖြတ်ခံရမှု ၁၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဒီနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ The Space Youth Learning Centre မှာ ပြုလုပ်ခဲ့ပါတယ်။
၁၆ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ပေးဝေတဲ့ လက်ကမ်းစာစောင်ထဲက သူ့အတ္ထုပ္ပတ္တိထဲမှာ ပဒိုမန်းရှာလားဖန်း - အထွေထွေအတွင်းရေးမှူး ကရင်အမျိုးသားအစည်းအရုံး (KNU) ဘဝဖြတ်သန်းမှုအကျဉ်းကို အခုလို ဖော်ပြထားပါတယ်။
“ပဒိုမန်းရှာလားဖန်းကို ၁၉၄၃ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့မှာ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာနေ အဘ မန်းဘသော်နှင့် အမိ ဂါ့နနမ့်တင် တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းညီအစ်ကို နှစ်ယောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။ အမည်အရင်း မန်းချစ်ရွှေ ဖြစ်ပြီး တော်လှန်ရေးအမည်မှာ မန်းရှာလားဖန်း ဖြစ်သည်။
၁၉၅၉-၆၀ ခုနှစ်တွင် ပန်းတနော်မြို့နယ်၊ ယင်းတိုက်ကုန်း အလယ်တန်းကျောင်းတွင် မူလတန်းနှင့် အလယ်တန်းပညာကို သင်ယူခဲ့ပြီး ပန်းတနော် အထက်တန်းကျောင်းတွင် ၈ တန်း အောင်မြင်ကာ ရန်ကုန်မြို့တွင် အထက်တန်း အောင်မြင်ခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ရန်ကုန်မြို့၌ တက္ကသိုလ်ပညာကို သင်ကြားရင်း ၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင် အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် တက္ကသိုလ် ဝိဇ္ဇာတန်းကို သမိုင်းအဓိက ဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။
၁၉၆၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ဆက်သွယ်၍ ၁၉၆၆ ခုနှစ်အထိ KNU ၏ မြေအောက်လှုပ်ရှားမှု တာဝန်များကို ဆောင်ရွက်ခဲ့သည်။
၁၉၆၇ ခုနှစ်တွင် ပဲခူးရိုးမ ကရင်တော်လှန်ရေး နယ်မြေထဲသို့ ဝင်ရောက်လာခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး၏ တာဝန်များကို ထမ်းဆောင်ခဲ့သည်။
၁၉၇၅ ခုနှစ်တွင် KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်၏ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ပေးခြင်းခံရပြီး ၁၉၈၄ ခုနှစ်အထိ တာဝန်ယူခဲ့သည်။
၁၉၇၆ ခုနှစ်တွင် ကရင်တော်လှန်ရေးရဲမေ နန့်ကျင်ရွှေနှင့် KNU ညောင်လေးပင်ခရိုင်တွင် လက်ထပ်ခဲ့ပြီး စောစေးစေး၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်း၊ စလုံ့ဖန်း သားသမီးလေးဦး ထွန်းကားခဲ့သည်” လို့ ဖော်ပြထားပါတယ်။
သူ့အကြောင်းနဲ့ သူရေးတဲ့ ကဗျာတွေကို အွန်လိုင်းစာမျက်နှာပေါ်မှာ ရေးသားမျှဝေကြတာကိုလည်း တွေ့ရပါတယ်။ ပဒိုမန်းရှာ ရေးသားပြီး လတ်တလော အွန်လိုင်း စာမျက်နှာပေါ် မျှဝေသူ အများအပြားရှိတဲ့ ကဗျာတပုဒ် မျှဝေ ဖော်ပြလိုက်ရပါတယ်။
ချစ်သမီးသို့
သမီးရေ …
ဂန္ထဝင်ခရီးမှာ နေ့ခင်းကြောင်တောင်
နေရောင်ခြည်အောက် တောင်မြောက်ဘယ်မှာ မသိပါ၍
ရပ်နေသူလည်း ရှိပါသည်။
ညဉ့်နက်သန်းခေါင် လမ်းစမှောင်လည်း
တောင်မြောက်သေချာ သိနေပါ၍
လိုရာသွားနေသူများလည်း ရှိပါသည်။
လေပြင်းအတိုက် လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည် ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူများလည်း ရှိပါသည်။
မုန်တိုင်းကထန် လှိုင်းကထန်လည်း
ရေဆန်လေကြမ်း ခရီးလမ်းကို
ဖြတ်သန်းနေသူတွေလည်း ရှိပါသည်။
သမီးရေ …
စေတနာနှင့် အသိ
သတိနှင့် သီလ
ဝီရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ
သတ္တိနှင့် စွန့်လွှတ်မှု
အရင်းပြု ခရီးနှင်
ဂန္ထဝင်ရက်မြတ်
ရဲရဲဖြတ်လော့ သမီး။
(ပဒိုမန်းရှာလားဖန်း)
တာပလု