Home
မြန်မာသတင်း
ရှမ်းတောင်တွင် စစ်မှုထမ်းခိုင်းရန် အိမ်ထောင်စု စာရင်းများ စတင်ကောက်ခံ 
DVB
·
February 14, 2024
ywar 1422024

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဟိုပုံး၊ နောင်တရား၊ တီကျစ်၊ ရွာငံ၊ တောင်ကြီးမြို့တို့ရှိ ကျေးရွာတွေမှာ စစ်မှုထမ်းခိုင်းဖို့အတွက် အိမ်ထောင်စုစာရင်းတွေ ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီခန့် ရွာသူကြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်ခေါင်းတို့က ဖေဖော်ဝါရီ ၁၂၊ ၁၃ ရက်တွေမှာ လိုက်လံ ကောက်ခံပေးနေတာလို့ ဆိုပါတယ်။

တီကျစ်ဒေသခံတဦးက “ထွက်ပြေးရင် ထောင်ကျမယ်။ မိသားစုတွေကိုလည်း ထောင်ချမယ်။ ပြီးရင် ပိုင်ဆိုင်ထားတဲ့ အိမ်၊ ခြံမြေတွေကိုလည်းသိမ်းမယ်။ အဲလိုလည်းပြောသွားတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာလည်း PNO ပြည်သူ့စစ်တွေက ပအိုဝ်း၊ အင်း၊ တောင်ရိုး စတဲ့ တိုင်းရင်းသားလူငယ်တွေကို ဖမ်းဆီးပြီး စစ်သားအတင်း အဓ္ဓမ စုဆောင်းနေတယ်လို့ သိရပါတယ်။

အင်းလေးဒေသခံတဦးက “ပအိုဝ်းလူမျိူးမှ မဟုတ်ဘူး။ အင်း၊ တောင်ရိုး၊ ဓနု လူမျိုးတွေကိုလည်း ဖမ်းပြီး စစ်သင်တန်းတက်ခိုင်းတယ်။ ရှေ့တန်းပို့ခံရပြီး သေဆုံးသူလည်း ရှိတယ်” လို့ ပြောပါတယ်။

ရှမ်းတောင် ဆီဆိုင်၊ ဖယ်ခုံနဲ့ ပင်လောင်းနယ်စပ်တို့မှာ လက်ရှိ တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီကလည်း အင်းအားဖြည့်တင်နေတာကြောင့် စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ စတင်အာဏာတည်အသက်ဝင်တယ်ဆိုပြီး စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်ညပိုင်းက ထုတ်ပြန်ကြေညာပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ခဲ့တာကြောင့် ရှမ်းတောင်လူငယ်တွေ အခုရက်ပိုင်း ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားသူတွေ ထောင်နဲ့ချီရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024