မြောက်ကိုရီးယားအစိုးရဟာ နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကနေ ဂျပန်ပင်လယ်ဆီ ခရုဇ်ဒုံးကျည်အများအပြားကို ဖေဖော်ဝါရီ ၁၄ ရက်မှာ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန် ထောက်လှမ်းရေးတွေက အချက်အလက် စုဆောင်းနေပြီး ဝေဖန်ဆန်းစစ်နေဆဲလို့ တောင်ကိုရီးယားစစ်တပ်ကို ကိုးကားပြီး CBS သတင်းဌာနက ကြေညာပါတယ်။
နောက်ထပ် အသေးစိတ်အချက်အလက်တွေကို ချက်ချင်းမရရှိနိုင်သေးပါဘူး။ ဒါဟာ ဒီနှစ်အတွင်း မြောက်ကိုရီးယားရဲ့ ၆ ကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်စမ်းသပ်ချက်ပါ။
မြောက်ကိုရီးယားနဲ့ ရုရှားအစိုးရတို့ကြား ဆက်ဆံရေး တိုးလာနေချိန် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ တိုးလာတဲ့ လက္ခဏာအဖြစ် အမေရိကန်အစိုးရနဲ့ သူ့ရဲ့ မဟာမိတ်တွေက ဝေဖန်အပြီး မကြာသေးမီ သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားက ဒုံးကျည်အများအပြား စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
ခရုဇ်ဒုံးကျည် ပစ်လွှတ်တာဟာ ယူကရိန်းမှာသုံးဖို့ ရုရှားအစိုးရဆီ မပို့ခင် လက်နက်တွေကို စမ်းသပ်တာ ဖြစ်နိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေရဲ့ ထင်ကြေးကို ကိုးကားပြီး ဖရန့်စ် တွမ်တိဖိုး သတင်းဌာနက ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ ခရုဇ်ဒုံးကျည်တွေ၊ ရေအောက်နျူးကလီးယားလက်နက်စနစ်နဲ့ လောင်စာခဲသုံး အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ အပါအဝင် လက်နက်တွေကို အရှိန်မြှင့် စမ်းသပ်လုပ်ဆောင်ခဲ့တယ်လို့လည်း ဖရန့်စ် တွမ်တိဖိုးက ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ နျူးကလီးယားလက်နက်နဲ့ ဒုံးကျည်အစီအစဉ်ကြောင့် နိုင်ငံတကာ ပိတ်ဆို့အရေးယူတာကို ခံနေရပါတယ်။
ဒါပေမဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ မတူဘဲ ခရုဇ်ဒုံးကျည်တွေ စမ်းသပ်တာဟာ ကုလသမဂ္ဂ ကန့်သတ်ချက်တွေအပေါ် တိုက်ရိုက်သက်ရောက်မှု မရှိဘူးလို့ ဂျာမနီနိုင်ငံအခြေစိုက် ဒွိုက်ဝီလီ သတင်းဌာနက ဖော်ပြပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားက ရုရှားကို လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား အစိုးရတို့က အရင်က စွပ်စွဲထားပါတယ်။
လက်နက်တင်ပို့မှုကတော့ မြောက်ကိုရီးယားနဲ့ ရုရှား အစိုးရနှစ်ရပ်စလုံးအပေါ် ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုများစွာကို ချိုးဖောက်ရာရောက်နေပါတယ်။
Source/Photo-Reuters