ဂျူးမုန်းတီးရေးစကားပြောမိတဲ့ ပါတီဝင် အမတ်လောင်းနှစ်ဦးကို ပါတီဝင်အဖြစ်ကနေ ဆိုင်းငံ့လိုက်တယ်လို့ ဗြိတိန်အတိုက်အခံ လေဘာပါတီက ထုတ်ပြန်ပါတယ်။
အစ္စရေးဟာ ဂါဇာကမ်းမြောင်ကို ကျူးကျော်ဖို့ အကြောင်းပြချက် ရချင်တဲ့အတွက် ဟားမတ်စ်တွေ ဝင်တိုက်မှာကို သိလျက်နဲ့ လွှတ်ပေးခဲ့တာဆိုတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှု သီအိုရီ (Conspiracy Theroy) မျိုး ပြောကြားခဲ့တဲ့ အဇားရ် အလီ ဆိုတဲ့အမတ်ကို ထောက်ခံမှု ရုပ်သိမ်းကြောင်း ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
နောက်တရက်မှာတော့ ဂျူးမုန်းတီးရေးစကားပြောတဲ့ ဂရေဟမ်ဂျုံးစ် ဆိုတဲ့ နောက်ထပ် အမတ်လောင်းတဦးကို ပါတီဝင်အဖြစ်က ထပ်မံဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးကို ဆဲဆိုနေတာတွေပါသလို အစ္စရေးစစ်တပ်ထဲမှာ ဝင်တိုက်ပေးတဲ့ ဗြိတိန်နိုင်ငံသား ဆိုရင် ထောင်ချသင့်တယ် စသဖြင့် ဂျုံးစ်က ပြောဆိုနေပုံ အသံဖိုင်ကို Guido Fawkes ဆိုတဲ့ ဝက်ဘ်ဆိုက်က ဖွင့်ချခဲ့တာဖြစ်ပါတယ်။
အလီ စကားပြောခဲ့တဲ့ ဒေသပါတီ အစည်းအဝေးမှာပဲ ဂျုံးစ်က အဲဒီစကားမျိုး ပြောခဲ့တာ ဖြစ်ပါတယ်။
စစ်တမ်းတွေအရ လေဘာပါတီဟာ ဒီနှစ် ဒုတိယနှစ်ဝက်မှာ ကျင်းပဖြစ်ဖို့ရှိတဲ့ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခြေ များနေပါတယ်။
ဒါပေမဲ့ အရင်ပါတီခေါင်းဆောင် ဂျရမီးကိုဘင် လက်ထက်တုန်းက ပါတီတွင်းမှာ ဂျူးမုန်းတီးရေးသမားတွေ ရှိနေတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
လက်ရှိပါတီခေါင်းဆောင် ကီယာစတမ်မာကတော့ ပါတီတွင်းက ဂျူးမုန်းတီးရေးသမားတွေကို အမြစ်ဖြုတ်ပစ်မယ်လို့ ကြွေးကြော်ထားပြီး အခုအခါမှာ အမတ်လောင်းနှစ်ဦးအထိ ပါတီဝင်အဖြစ်က ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။
Source/Photo-Reuters