ဂါဇာကမ်းမြောင်တောင်ပိုင်း ခန်ယူနစ်မြို့အောက်က ဥမင်လမ်းကြောင်းတခုကို သုံးပြီး ဟားမတ်စ်ခေါင်းဆောင် ယာဟ်ယာ ဆင်ဝါ၊ သူ့ဇနီး၊ သူ့သားသမီးတွေနဲ့ ညီဖြစ်သူ အီဘရာဟင်မ် ဆင်ဝါတို့ တိမ်းရှောင်ထွက်ပြေးသွားခဲ့ပုံ မှတ်တမ်းလို့ဆိုတဲ့ ဗွီဒီယိုဖိုင်တဖိုင်ကို အစ္စရေးစစ်တပ်က ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပေးခဲ့ပါတယ်။
“ပြည်သူတွေက မြေပြင်ပေါ်မှာ အတိဒုက္ခရောက်နေကြတဲ့အချိန်မှာ၊ ဆင်ဝါက ဥမင်ထဲမှာ၊ မြေအောက်မှာ၊ ပြည်သူတွေအောက်မှာ ပုန်းအောင်းပြီး၊ သူရဲဘောကြောင်တဲ့ လူတယောက်လို ပြေးလွှားနေတာ မြင်နိုင်ပါတယ်။
ဟားမတ်စ်ခေါင်းဆောင်တွေက သူတို့မိသားစုနဲ့ ပိုက်ဆံကိုပဲ ဂရုစိုက်တာ၊ တခြား ဘာမှ ဂရုစိုက်တာ မဟုတ်ဘူး၊ ယာဟ်ယာဆင်ဝါဟာ ဂါဇာပြည်သူတွေကို စတေးပြီး သူ့ရှင်သန်ရေးကိုပဲ စိတ်ဝင်စားတဲ့သူပါ” လို့ အစ္စရေးစစ်တပ် (IDF) ပြောခွင့်ရပုဂ္ဂိုလ် ဒန်နီယယ် ဟက်ဂါရီက ပြောပါတယ်။
အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမတ်စ်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူ ၁၂၀၀ ကျော် သေဆုံးစေခဲ့ကာ လူ ၂၄၀ ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တဲ့ ဖြစ်စဉ်မှာ ဆင်ဝါဟာ နောက်ကွယ်က အဓိက ကြိုးကိုင်သူလို့ အစ္စရေးဘက်က စွပ်စွဲထားပါတယ်။
အခု ဗွီဒီယိုဖိုင်ကတော့ တိုက်ခိုက်မှုဖြစ်ပြီး သုံးရက်အကြာ အောက်တိုဘာ ၁၀ ရက်မှာ ဟားမတ်စ်တပ်ဖွဲ့က တပ်ထားတဲ့ စီစီတီဗွီကင်မရာက မှတ်တမ်းတင်ထားနိုင်ခဲ့တာ ဖြစ်ပြီး အဲဒီဗွီဒီယိုဖိုင်ကို အစ္စရေးစစ်တပ်က မကြာသေးမီကမှ ရရှိခဲ့တာလို့ ဆိုပါတယ်။
အစ္စရေးစစ်တပ်ကတော့ ဆင်ဝါကို လိုက်လံရှာဖွေနေဆဲဖြစ်ပြီး အသေရရ၊ အရှင်ရရ အမိဖမ်းသွားမယ်လို့ ကြေညာထားပါတယ်။
ဒီဗွီဒီယိုဖိုင်ထဲက ပုဂ္ဂိုလ်ဟာ ဆင်ဝါ ဟုတ်၊ မဟုတ်နဲ့ ဘယ်ချိန်က ရိုက်ကူးခဲ့တယ်ဆိုတာကို သတင်းဌာနတွေအနေနဲ့တော့ အတည်မပြုနိုင်ပါဘူး။ အစ္စရေးစစ်တပ်ဘက်ကလည်း သူတို့ စွပ်စွဲချက်အတွက် ထပ်တိုးအထောက်အထား တစုံတရာ ပေးထားတာ မရှိပါဘူး။
Source/Photo-Reuters