ထိုင်းနိုင်ငံ ဘန်ကောက်မှာ နိုင်ငံခြားငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁ ဦး အသတ်ခံရပြီး ဘတ်ငွေ ၅ သန်းပါ ပျောက်ဆုံးသွားတယ်လို့ ThaiPBS သတင်းမှာ ဖော်ပြပါတယ်။
ဘန်ကောက် ခလောင်းတွေနယ်မြေ ဆုခိုဗစ်လမ်းရှိ တည်းခိုခန်းတခုမှာ လူ ၁ ဦး အသတ်ခံ ထားရကြောင်း ဖေဖော်ဝါရီ ၁၄ ရက် ဒီနေ့ တိုင်ကြားချက်ရတဲ့အတွက် မှုခင်းဆရာဝန်တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ လုမ္ပဏီနယ်မြေရဲစခန်း တာဝန်ကျစခန်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ တည်းခိုခန်း ၂၃ လွှာရှိ အခန်းတခန်းတည်းမှာဖြစ်ပြီး လူ ၁ ဦး ခေါင်းနဲ့ နားတွေမှာ သွေးထွက်လွန်တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း၊ အခန်းထဲမှာ ခရီးဆောင်အိတ်နဲ့ မီးခံသေတ္တာကြီး ၁ လုံးတွေ့ပြီး လူသတ်လက်နက်တစုံတရာမတွေ့ဘူး၊ သေဆုံးသူဟာ လက်သီးနဲ့အထိုးခံရတယ်လို့ ယူဆကြောင်း စခန်းမှူးက ပြောပါတယ်။
သေဆုံးသူမှာ အသက် ၅၃ နှစ်ရွယ် Kayaw Zeyar ဆိုသူ မြန်မာနိုင်ငံသားတဦးဖြစ်ပြီး၊ နိုင်ငံခြားသားတွေနဲ့အတူ ငွေလဲလှယ်တဲ့လုပ်ငန်းကို လုပ်ကိုင်နေတာလို့ မိခင်ဖြစ်သူက ပြောပါ တယ်။
ဖေဖော်ဝါရီ ၁၃ ရက် ညက သားနဲ့အတူအလုပ်လုပ်နေတဲ့ ဝီလျံ နဲ့ ဂျွန်ဆိုသူ စကော့တလန်နိုင်ငံသား ၂ ဦးရောက်လာပြီး စကားများကြကြောင်း၊ သူမလည်း ရိုက်နှက်ခံရလို့ သတိမေ့လဲသွားတယ်၊ သတိပြန်ရလာတဲ့အခါ သားဖြစ်သူ သွေးအိုင်ထဲမှာ သေဆုံးနေပြီး မီးခံသေတ္တာထဲက ဘတ်ငွေ ၅ သန်းလည်း ပျောက်ဆုံးသွားတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက အနီးနားတဝိုက် စီစီကင်မရာတွေစစ်ဆေးပြီး ကျန်တဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ အဆိုပါနိုင်ငံခြားသား ၂ ဦးကို စစ်ဆေးအရေးယူဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။