မဲပေးပိုင်ခွင့်ရှိသူ သန်း ၂၀၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျင်းပနေပြီး နိုင်ငံတဝန်း လွှတ်တော်နဲ့အစိုးရ ရာထူးနေရာ ၂၀,၆၀၀ အတွက် ဝင်ပြိုင်သူပေါင်း ၂၆၀,၀၀၀ နီးပါး ရှိပါတယ်။
အရှေ့တောင်အာရှရဲ့ အကြီးဆုံးစီးပွားရေးနိုင်ငံမှာ လူကြိုက်အများဆုံး သမ္မတ ဂျိုကိုဝီဒိုဒို နေရာ ဘယ်သူ ဆက်ခံမလဲဆိုတာကို ရွေးချယ်တဲ့ ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။
စစ်တမ်းတွေအရတော့ လူ့အခွင့်အရေးမှတ်တမ်းဆိုးတွေရှိတဲ့ ဗိုလ်ချုပ်ကြီးဟောင်း၊ ကာကွယ်ရေးဝန်ကြီးဟောင်း ပရာဘိုဝိုဆူဘီယန်တို အနိုင်ရဖို့ တစ်ပြေးနေပါတယ်။
ရှေ့ ရွေးကောက်ပွဲ နှစ်ကျော့စလုံး ဂျိုကိုဝီကို ရှုံးခဲ့ဖူးတဲ့ ပရာဘိုဝိုဟာ ဒီတကြိမ်မှာတော့ ဂျိုကိုဝီရဲ့ သားကြီးကို ဒုတိယသမ္မတလောင်းနေရာထားပြီး အတူတွဲယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
ယောက်ျားပီသတဲ့ ပုံရိပ်ကနေ ချစ်စဖွယ် (Cute) ဖြစ်တဲ့ပုံစံ ပြောင်းပြီး မဲဆွယ်နေတဲ့ ပရာဘိုဝိုဟာ ရွေးကောက်ပွဲနိုင်သွားခဲ့ရင် အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုဆီ ပြန်သွားမလား ဆိုတာကိုတော့ စိုးရိမ်မှုတွေ ရှိနေပါတယ်။
စစ်တမ်းတွေအရ ပရာဘိုဝိုအပေါ် ၅၁ ရာခိုင်နှုန်းကျော် ထောက်ခံမှုရှိနေပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းတွေ ဖြစ်တဲ့ ဂန်ဂျာပရာနိုဝိုနဲ့ အနီးစ် ဘာစ်ဆွီဒန်တို့ အပေါ် ထောက်ခံမှု ၃၁ နဲ့ ၂၇ ရာခိုင်နှုန်းစီ ရှိနေပါတယ်။
သမ္မတ ရွေးကောက်ပွဲ အနိုင်ရဖို့အတွက် မဲထက်ဝက်ကျော် ရဖို့လိုသလို တနိုင်ငံလုံးက ပြည်နယ်ထက်ဝက်လောက်မှာ အနည်းဆုံး မဲ ၂၀ ရာခိုင်နှုန်းရဖို့ လိုပါတယ်။ ဘယ်သူမှ မဲစုစုပေါင်း ထက်ဝက်မကျော်ရင် မဲအများဆုံးရတဲ့သူ နှစ်ဦး ဒုတိယအကျော့ ထပ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source/Photo-Reuters