Home
နိုင်ငံတကာ
ဆိုဗီယက်အထိမ်းအမှတ်များ ဖျက်ဆီးမှုဖြင့် အက်စ်တိုးနီးယားဝန်ကြီးချုပ်ကို အလိုရှိကြောင်း ရုရှား ကြေညာ
DVB
·
February 14, 2024
Estonia Prime Minister_14022024

ဆိုဗီယက်ခေတ်အထိမ်းအမှတ်တွေ ဖျက်ဆီးမှုနဲ့ အက်စ်တိုးနီးယားဝန်ကြီးချုပ် ကာဂျာကဲလပ်စ်ကို ရုရှားရဲတပ်ဖွဲ့ရဲ့ အလိုရှိစာရင်းမှာ ထည့်သွင်းကြေညာလိုက်ပါတယ်။

ဒါ့အပြင် လစ်သူယေးနီးယားနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးနဲ့ လတ်ဗီးယားလွှတ်တော်အမတ် ၆၀ ကိုပါ အလိုရှိစာရင်းထဲ ထည့်လိုက်ပြီး နောက်ထပ်ကြေညာဖို့တွေလည်း ရှိနေသေးတယ်လို့ ရုရှားတာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က “သမိုင်းအောက်မေ့ဖွယ်တွေ မလေးမစား ပြုလုပ်တဲ့အတွက် ကဲလပ်စ်ကို ဖမ်းဆီးဖို့ ကြေညာရတာဖြစ်တယ်” လို့ ဆိုပါတယ်။

ဆိုဗီယက်စစ်သည်တော်တွေရဲ့ အထိမ်းအမှတ်တွေကို ဖျက်ဆီးရင် ရုရှားပြစ်မှုဆိုင်ရာ ဥပဒေအရ ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့လည်း နိုင်ငံပိုင်သတင်းဌာန TASS က ထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ကျူးကျော်ကတည်းက အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လီသူယေးနီးယားတို့ဟာ သူတို့နိုင်ငံထဲမှာရှိတဲ့ ဆိုဗီယက်ခေတ် အထိမ်းအမှတ် အဆောက်အအုံအများစုကို ဖြိုဖျက်ခဲ့ကြပါတယ်။

တချိန်က ဆိုဗီယက်ပြည်ထောင်စုမှာ ပါဝင်ခဲ့ကြတဲ့ ဒီသုံးနိုင်ငံဟာ အခုအခါမှာ ဥရောပသမဂ္ဂနဲ့ နေတိုးတပ်ဖွဲ့မှာ ပါဝင်နေကြသလို ယူကရိန်းဘက်က အခိုင်အမာရပ်တည်တဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

“ကျမနဲ့ တခြားသူတွေကို ကရင်မလင်က ဒီလုပ်ရပ်နဲ့ နှုတ်ဆိတ်အောင်လုပ်ချင်တာ။ ဒါပေမဲ့ အဲ့လိုဖြစ်လာမှာမဟုတ်ဘူး။ ကျမက ယူကရိန်းကို ခိုင်ခိုင်မာမာ ဆက်လက် ထောက်ခံသွားမယ်” လို့ ဝန်ကြီးချုပ် ကဲလပ်စ်က လူမှုကွန်ရက် X မှာ ရေးသားထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024