တောင်ကိုရီးယား အလုပ်အကိုင်အတွက်အရည်အချင်းစစ်စာမေးပွဲ EPS-TOPIK မှာ အမျိုးသမီးတွေကိုပါ ဝင်ရောက်ဖြေဆိုခွင့်ပေးသွားမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က ထုတ်ပြန်ပါတယ်။
ဝန်ဆောင်မှုလုပ်ငန်းအတွက် ဝင်ရောက်ဖြေဆိုမယ့် အမျိုးသမီးတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၉ နှစ်ရှိရမှာဖြစ်သလို အခြေခံပညာ အထက်တန်းအောင်မြင်ထားရမှာဖြစ်ပြီး ဖြေဆိုခွင့်လျှောက်ထားချိန်မှာ အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ပြရမယ်လို့ အသိပေးထားပါတယ်။
ကိုရီးယားဘာသာသင်တန်းနည်းပြတဦးက "ဝန်ဆောင်မူလုပ်ငန်းကြတော့ ပညာအရည်အချင်း သတ်မှတ်ချက်တွေ ပါလာတာ တွေ့ရတာပေါ့။ အရည်ချင်းပြည့်မီတဲ့သူတွေအတွက်ကတော့ အခွင့်အလမ်းအသစ်ပဲ" လို့ ပြောပါတယ်။
အရင်က EPS-TOPIK စာမေးပွဲမှာ ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းအတွက် အမျိုးသားလုပ်သားတွေပဲ ဝင်ရောက်ဖြေဆိုခွင့်ရထားပါတယ်။
တောင်ကိုရီးယားနိုင်ငံက ဝန်ဆောင်မှုလုပ်ငန်းအတွက် တခြားနိုင်ငံတွေကနေ အမျိုးသမီးလုပ်သား ခေါ်ယူတာတွေရှိခဲ့ပြီး မြန်မာနိုင်ငံကနေ အခုမှစခေါ်မယ်လို့ အဲဒီနိုင်ငံရောက် မြန်မာလုပ်သားအရေးလူပ်ရှားသူတွေက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားအရေးကူညီနေသူတဦးက "မြန်မာအမျိုးသမီးတွေအတွက်က သတင်းကောင်းလို့ ပြောရမှာပေါ့။ တခြားနိုင်ငံတွေကတော့ လာလုပ်ခွင့်ရနေတာကြာပြီ" လို့ ပြောပါတယ်။
အဲဒီ EPS-TOPIK စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာကို အွန်လိုင်းကနေ မတ် ၄ ရက်ကနေ ၁၀ ရက်အထိ ပထမအဆင့်လက်ခံသွားမှာဖြစ်ပြီး ဝန်ဆောင်မှုလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ငန်းအတွက် စာမေးပွဲကို ဧပြီ ၂၄ ကနေ မေ ၁၀ ရက်အထိ ပြုလုပ်မယ်လို့ သိရပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းအတွက် စာမေးပွဲကို မေ ၂၀ ကနေ ဇူလိုင် ၂၆ ရက်အထိ ပြုလုပ်မှာဖြစ်ပြီး ဒုတိယအဆင့်အခြေခံကျွမ်းကျင်မှု စာမေးပွဲတွေ ဆက်လုပ်မှာဖြစ်ကာ အပြီးသတ်အောင်စာရင်းကို ဇွန် ၂၁ နဲ့ စက်တင်ဘာ ၂၀ ရက်တို့မှာ ထုတ်ပြန်သွားမယ်လို့ ကြေညာထားပါတယ်။
ဒါ့အပြင် ဖြေဆိုသူဦးရေအပေါ်မူတည်ပြီး အချိန်စာရင်း အပြောင်းအလဲရှိနိုင်သလို ဖြေဆိုမယ့်သူတွေအနေနဲ့ လုပ်ငန်းအမျိုးအစားတခုတည်းကိုပဲ ရွေးချယ်ဖြေဆိုခွင့်ရရှိမယ်လို့ အသိပေးထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ လက်ရှိ EPS စနစ်နဲ့ သွားရောက်လုပ်ကိုင်နေသူ မြန်မာလုပ်သား ၇၀,၀၀၀ ကျော်ရှိပြီး လစဥ် လူဦးရေ ရာချီ ဆက်လက်ထွက်ခွာနေတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။