ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖားကန့်မြို့ပေါ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကျောက်ဖျာကျေးရွာအနီးမှာ ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတဦးက “မနက်အစောကြီး ၆ နာရီလောက် ဖားကန့်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကျောက်ဖျာနားမှာ ကေအိုင်အေက စောင့်တိုက်တာ။ စစ်တပ် ဆင်းလာတယ်ဆိုတာ ကြိုသတင်းရပုံပေါ်တယ်။ နှစ်ဖက်တိုက်ပွဲဖြစ်နေတော့ စစ်တပ် တပ်မကုန်းကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်။ အထိအခိုက် အကျအဆုံးတော့ သေချာမသိဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) တို့ တိုက်ပွဲဖြစ်ပွားနေစဉ် ဖားကန့် စစ်ကောင်စီတပ်မကုန်းကနေ လက်နက်ကြီးနဲ့ အကြိမ်ရေ ၂၀ ထက်မနည်း ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
တခြားဒေသခံတဦးက“တိုက်ပွဲဖြစ်နေတုန်း တပ်မကုန်းကနေ လက်နက်ကြီးနဲ့ပစ်နေတာ။ ခဏနားလိုက် ပစ်လိုက်ပဲ။ ကျနော်သိရသလောက် လက်နက်ကြီးက အကြိမ် ၂၀ မကတော့ဘူး။ ညနေ ၄ နာရီလောက်က မှော်မောင်းလျှံကျေးရွာ တာဝါတိုင်နား လက်နက်ကြီးကျည်ကျတယ်။ မပေါက်ကွဲသေးဘူး” လို့ ပြောပါတယ်။
ကျောက်ဖျာကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ စစ်ရေးတင်းမာနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ကလည်း ကျောက်ဖျာကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ကာ ဖေဖော်ဝါရီ ၃ ရက်ကလည်း နန့်တိန်းကျေးရွာ စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေနဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။