Home
မြန်မာသတင်း
အင်းတကော်နှင့် ကျိုက်ထိုတွင် ကားမီးလောင်မှုများ ဖြစ်ပွား
DVB
·
February 12, 2024
Inn Ta Gaw Car Fire_12022024
Kyaik Hto Car Fire_12022024

ပဲခူးတိုင်း အင်းတကော်မြို့နဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တို့မှာ ဖေဖော်ဝါရီ ၁၁ ရက်က ၁၂ ဘီးကုန်ကား ၁ စီးနဲ့ ခရီးသည်တင် Express ၁ စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ရန်ကုန်- မန္တလေးကားလမ်းဟောင်း၊ ထက်ဧကရီ ဆီဆိုင်ရှေ့အနီးမှာ ည ၇ နာရီခွဲလောက်က ၁၂ ဘီး ကုန်ကား ၂ စီးတိုက်မိပြီး တစီးမီးလောင်ခဲ့ပါတယ်။

မေတ္တာရွှေစင်ပရဟိတအသင်းတာဝန်ရှိသူက “ဘိလပ်မြေတင်တဲ့ကားနဲ့ ကြက်စာတင်တဲ့ကား ၂ စီးတိုက်မိပြီး မီးလောင်တာပါ။ ဘိလပ်မြေကားက ရန်ကုန်ကနေ ပဲခူးဘက်ကို လာရင်းနဲ့ တဖက်လမ်းကြောကို ရောက်ပြီး ကြက်စာတင်ကားကို ဝင်တိုက်တာ။ ကြက်စာတင်ကားက မှောက်ပြီးတော့ မီးလောင်တာ။ လူထိခိုက်မှုတော့ မရှိပါဘူး”လို့ ဆိုပါတယ်။

ရန်ကုန်ကနေ ပဲခူးဘက်ကို မောင်းနှင်လာတဲ့ ဘိလပ်မြေတင်ကားဟာ လမ်းတဖက်ကြောမှာ မောင်းနှင်လာတဲ့ ၁၂ ဘီး ကြက်စာတင်ကားကို ဝင်တိုက်မိခဲ့တာကြောင့် ကြက်စာတင်ကားမှာ တိမ်းမှောက်မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှုကြောင့် ကားနဲ့ ကုန်ပစ္စည်းအားလုံး မီးလောင်ပျက်စီးသွားခဲ့ပြီး မီးလောင်တဲ့ နေရာကို ပဲခူးတိုင်းအတွင်းရှိ မီးသတ်စခန်းတွေက မီးသတ်တပ်ဖွဲ့ဝင်တွေ လာရောက်ငြှိမ်းသတ်ခဲ့တာကြောင့် ည ၈နာရီလောက်မှာ မီးငြိမ်းသွားခဲ့ပါတယ်။

လူထိခိုက်မှု မရှိဘူးလို့ သိရပြီး ပျက်စီးမှုတန်ဖိုးအသေးစိတ်ကို မြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲ ဖြစ်ပါတယ်။ 

ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းလမ်း၊ ကင်းမွန်းစခန်းသွားတဲ့ဘက်မှာ ညနေ ၄နာရီလောက်က ခရီးသည်တင် Express ယာဉ် တစီး အပူလွန်ကဲ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ကျိုက်ထို လူမှုကူညီရေးအသင်းဝင်တဦးက “အသင်းကရောက်တော့ ကားက တော်တော်လောင်နေပြီ။ လူထိခိုက်မှုတော့ မရှိဘူး။ ကင်မွန်းစခန်းဘက်ကို သွားတဲ့ဘက်မှာ လောင်တာ”လို့ ဆိုပါတယ်။

မီးလောင်မှုနေရာကို ကျိုက်ထိုမြို့နယ်မီးသတ်နဲ့ အရပ်ဘက်ကယ်ဆယ်ရေးအသင်းတွေ လာရောက်ငြှိမ်းသတ်ခဲ့တာကြောင့် ညနေ ၄ နာရီ မိနစ် ၂၀ လောက်မှာ မီးငြိမ်းသွားပါတယ်။

မီးလောင်မှုကြောင့် ကားတစီးလုံး မီးလောင်ပျက်စီးသွားပြီး ပျက်စီးမှုတန်ဖိုးကို မြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲဖြစ်ကာ ကားပေါ်ပါသူတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ သိရပါတယ်။ 

ဓာတ်ပုံ- မေတ္တာရွှေစင်ပရဟိတအသင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024