နိုင်ငံသားတိုင်း စစ်မှုထမ်းဖို့ တာဝန်ရှိကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်မှတ်ရေးထိုးထုတ်ပြန်မီ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က သက်ဆိုင်ရာဝန်ကြီးတွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “နိုင်ငံသားတိုင်းက စစ်မှုထမ်းဖို့ တာဝန်ရှိတယ်။ ၂ နှစ်တန်စေ ၃ နှစ်တန်စေ သတ်မှတ်ထားတဲ့ဟာအတိုင်း စစ်မှုထမ်းရမယ်။ တိုင်းပြည်ရဲ့ အခြေအနေအပေါ် မှီတည်ပြီး လုပ်ရမှာ၊ မလုပ်လို့မရပါဘူး၊ ကာကွယ်ရေးစွမ်းပကား မကောင်းရင် ကျနော်တို့ ခံသွားရမှာပေါ့။ သူများက ဖင်ဖုတ်ခေါင်းပုတ် လာလုပ်သွားမှာပေါ့” လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းမှာ အရွယ်ရောက်ပြီးသူတိုင်း မဖြစ်မနေ စစ်မှုထမ်းဖို့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၂၄ ရက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝါဒဖြန့်မီဒီယာတွေမှာ ရှင်းလင်းပြောဆိုခဲ့ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အတူ အရန်တပ်ဖွဲ့ဥပဒေကိုလည်း စစ်တပ်ကို ထောက်ခံတဲ့ တယ်လီဂရမ် ချယ်နယ်တွေမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
လတ်တလောမှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်ရဲ့လက်အောက်မှာ စစ်မှုမထမ်းချင်တဲ့ လူငယ်အများစုမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အခက်တွေ့နေကြပါတယ်။