မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ မုပ္ပလင်လမ်းဆုံရဲဂိတ်နဲ့ စစ်တောင်းတံတားသစ်ဂိတ်တို့ကို တော်လှန်ရေးအင်အားစုတွေ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁ ယောက် သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်းတကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF Drone Team ကလည်း ကိုယ်တိုင်ထုတ် မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တာဝန်ရှိသူဆီက သိရပါတယ်။
IPDF ရဲ့တာဝန်ရှိသူက “မုပ္ပလင်လမ်းဆုံတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၁ ဦးသေပြီး အများအပြား ဒဏ်ရာရတယ်လို့ စုံစမ်းသိရတယ်။ စစ်တောင်းတံတားသစ်ဂိတ် တိုက်ခိုက်မှုမှာ အထိအခိုက်စာရင်း စုံစမ်းနေတယ်” လို့ ပြောပါတယ်။
စစ်တောင်းတံတားသစ်ဂိတ်ကို ၂ ကြိမ်၊ မုပ္ပလင်လမ်းဆုံ ရဲဂိတ်ကို ၁ ကြိမ် စုစုပေါင်း ၃ ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ဆင်ရေးကို KNU/KNLA က ဦးဆောင်ပြီး IAF( Iron Adventure Force)၊ ရန်ကုန်မြောက်ပိုင်းခရိုင်ပကဖ Drone Team၊ IPDF Drone Team၊ ကျိုက်ထိုမြို့နယ်တော်လှန်ရေး အင်အားစု (KRF) နဲ့ ကဝ ပကဖ တို့ ပူးပေါင်းပါ၀င်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ကလည်း တော်လှန်ရေးအင်အားစုတွေက မုပ္ပလင် လမ်းဆုံဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အရာရှိ ၁ ယောက် အပါအဝင် ၃ ယောက် သေဆုံးခဲ့သလို တော်လှန်ရေးအင်အားစုတွေရဲ့ မကြာခဏ တိုက်ခိုက်တာခံရတဲ့ ဂိတ်လည်း ဖြစ်ပါတယ်။