ရန်ကုန်နဲ့ ပဲခူးအစပ် အင်းတကော်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က ခရီးသည်တင်ကားတွေကို စစ်ဆေးပြီး ငွေညှစ်တာတွေ ပြန်လုပ်လာနေတယ်လို့ ခရီးသည်တွေဆီက သိရပါတယ်။
ကိုယ်တိုင်ကြုံခဲ့ရသူတဦးက "အရင်ကခရီးသည်တင်ကားတွေ အဲဒီမှာ ရပ်စရာတောင်မလိုဘူး။ ပိုက်ဆံပေးပြီးဖြတ်သွားရုံပဲ။ အခုက စစ်သားက ကားပေါ်အထိတက်စစ်တယ်။ မှတ်ပုံတင်တွေပြခိုင်းတယ်။ မှတ်ပုံမပါရင် ပိုက်ဆံတောင်းတယ်" လို့ ပြောပါတယ်။
အင်းတကော်စစ်ဆေးရေးဂိတ်ဟာ အရင် ကိုဗစ်-၁၉ စစ်ဆေးရေးပြုလုပ်တဲ့နေရာ အသုံးပြုထားတာဖြစ်ပြီး ပဲခူးအဝင်နဲ့ ရန်ကုန်အဝင်တို့မှာ စစ်ဆေးနေတာလို့ ဆိုပါတယ်။
ရန်ကုန်-ပဲခူးခရီးသည်တင်ကားမောင်းသူတဦးက "ပဲခူးတိုင်းထဲ တိုက်ပွဲတွေရှိလာကတည်းက စစ်ဆေးတာတွေ ပြန်လုပ်တာ။ လုံခြုံရေးအရ စစ်တာထက် ငွေရှာကောင်းအောင်လုပ်တဲ့ သဘောပါပဲ" လို့ပြောပါတယ်။
လက်ရှိ ပဲခူးတိုင်းအနောက်ဘက်ခြမ်းမှာ ပြည်သူ့တော်လှန်ရေးတပ်တွေက တိုက်ပွဲတွေ ဖော်ဆောင်နေတာကြောင့် ပဲခူးမြို့အဝင် ဘက်ပေါင်းစုံနေရာတွေမှာ စစ်ဆေးမူတွေ ပြန်လုပ်လာတာလို့ ဒေသခံတွေဆီက သိရပါတယ်။