Home
နိုင်ငံတကာ
ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ၂ ဦးလုံး ရွေးကောက်ပွဲနိုင်ကြောင်း ကြေညာနေချိန် မင်းမဲ့စရိုက် မလုပ်ရန် စစ်ဦးစီးချုပ် တိုက်တွန်း
DVB
·
February 11, 2024
TLP supporters protest in Lahore against delayed election results

ပါကစ္စတန် ရွေးကောက်ပွဲ အနိုင်ရတယ်လို့ ဝန်ကြီးချုပ်ဟောင်း ၂ ယောက် ဦးဆောင်တဲ့ ပါတီအင်အားစုတွေက အပြိုင်ကြေညာနေချိန်မှာ တိုင်းပြည်ကို “မင်းမဲ့စရိုက်နဲ့ နှစ်ခြမ်းကွဲ”တာမျိုး မဖြစ်စေဖို့ ဩဇာကြီးတဲ့ စစ်တပ် စစ်ဦးစီးချုပ်က တိုက်တွန်းလိုက်ပါတယ်။ 

ရွေးကောက်ပွဲရလဒ်တွေ ကြေညာတာ နှောင့်နေးနေတဲ့အပေါ် ကန့်ကွက်ဆန္ဒပြမှုတွေလည်း ရှိနေပြီး အထူးသဖြင့် ထောင်ကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်း ထောက်ခံသူတွေက သူတို့ရဲ့ ရွေးကောက်ပွဲအောင်ပွဲကို ခိုးယူမှာ စိုးရိမ်နေကြပါတယ်။  

ရလဒ် မပြတ်မသားဖြစ်နေချိန်မှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဆင်မ် မူနီးရ်က ပါတီတွေအားလုံး ရင့်ကျက်ကြဖို့၊ ညီညွတ်ကြဖို့ တိုက်တွန်းလိုက်ပြီး နိုင်ငံရေး နှစ်ခြမ်းကွဲတာဟာ လူသန်း ၂၅၀ ရှိတဲ့ တိုင်းပြည်တပြည် တိုးတက်ဖို့အတွက် သင့်တော်တဲ့ ကိစ္စမဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။ 

“ရွေးကောက်ပွဲဆိုတာ အနိုင်နဲ့ အရှုံးပဲ ပြိုင်ရတဲ့ ဇီးရိုး-ဆမ်း ပြိုင်ပွဲ မဟုတ်ဘူး၊ ပြည်သူ့ဆန္ဒ သဘောထားကို ဆုံးဖြတ်ရတဲ့ အလေ့အထတစ်ခုသာ ဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ကြီး မူနီးရ်က ပြောပါတယ်။

မဲရလဒ်အများစု ထွက်ပေါ်လာအပြီးမှာ ခန်းရဲ့ PTI ပါတီက တသီးပုဂ္ဂလ ဝင်ပြိုင်ကြတဲ့သူတွေက အမတ်နေရာ အများဆုံးနိုင်ထားပါတယ်။ တသီးပုဂ္ဂလ အယောက် ၁၀၀ နိုင်တဲ့နေရာမှာ PTI  နဲ့ပတ်သက်တာ ၉၂ ဦးရှိပါတယ်။

အစိုးရဖွဲ့ဖို့က အနည်းဆုံး တိုက်ရိုက်တင်မြှောက်တဲ့ အမတ် ၁၃၃  ဦး ရဖို့ လိုပါတယ်။ AI နဲ့ ဖန်တီးထားတဲ့ ခန်းက စကားပြောနေတဲ့ ပုံစံ ဗီဒီယိုဖိုင်မှာ  သူတို့နိုင်ပြီဖြစ်ပြီး ထောက်ခံသူတွေ အောင်ပွဲခံကြဖို့ တိုက်တွန်းထားပြီး ပါတီတာဝန်ရှိသူတွေကလည်း အစိုးရဖွဲ့မယ်လို့ ကြေညာထားပါတယ်။ 

စစ်တပ် ထောက်ခံမှုရထားတဲ့ ဝန်ကြီးချုပ်ဟောင်း နာဝပ်ရှရစ်ဖ်ရဲ့ PML-N ပါတီကတော့  ပါတီအနေနဲ့ ကြည့်ရင် သူက အများဆုံးအဖြစ် ၇၃ နေရာ နိုင်ထားပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲနိုင်တယ် ကြေညာပြီး တခြားပါတီတွေနဲ့ပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့မယ်လို့ ထုတ်ပြန်ပါတယ်။

လုပ်ကြံခံခဲ့ရတဲ့ ဝန်ကြီးချုပ် ဘနာဇီယာဘူတိုရဲ့သား ဘီလာဝယ်ဘူတို ဦးဆောင်တဲ့ PPP ပါတီကတော့ ၅၄ နေရာနိုင်ထားပြီး ကျန်နေရာတွေကိုတော့ ပါတီငယ်တွေ နိုင်ထားပါတယ်။ 

လူနေကျဲပြီး နယ်မြေကျယ်တဲ့ ဘာလိုချစ္စတန်ပြည်နယ်က အမတ်နေရာ ၁၄ နေရာပဲ တရားဝင် ကြေညာဖို့ ကျန်တော့ပြီး အဲဒီနယ်မှာ နိုင်တယ်လို့ ခန်းဘက်ကရော ရှရစ်ဖ်ဖက်ကပါ ကြေညာထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024