တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ဖေဖော်ဝါရီ ၁၁ ရက်၊ ဒီနေ့ မနက် ၂ နာရီခွဲလောက်က မီးလောင်ပြီး အိမ်နဲ့ ကားတွေ ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇေယျသီရိ ၃ ရပ်ကွက်၊ အောင်သပြေလမ်းမှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး ရပ်ကွက်နေသူ တယောက်က “ဘယ်လို စလောင်တာလဲဆိုတာ အတိအကျ မသိရသေးဘူး။ မီးလောင်တဲ့နေရာမှာ ကရုဏာ နာရေးကူညီမှုအသင်းရုံးရှိတယ်။ ရုံးထဲမှာ အောင်ဆီဂျင် အိုးတွေလည်းရှိတော့ မီးက ပိုကြီးသွားတယ်။ ၂ နာရီ ၃၄ မိနစ်မှာ မီးသတ်ကား ၁ စီး စရောက်လာတယ်” လို့ ပြောပါတယ်။
မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်း ငြှိမ်းသတ်ပေးခဲ့ပြီး မနက် ၃ နာရီ ၂၅ မိနစ်လောက်မှာ မီးငြိမ်းသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မီးသတ်သမားတယောက်က “မီးကတော့ level 2 လောက်ဖြစ်မယ်။ မီးကကြီးတော့ ဗဟို၊ ထားဝယ်စု၊ လယ်ကျွန်း၊ ရေပုန်း၊ နောက်လယ်နဲ့ တခြားရပ်ကွက်က မီးသတ်ကားတွေနဲ့ရော ငြှိမ်းလိုက်ရတယ်” လို့ ပြောပါတယ်။
ရပ်ကွက်နေသူတယောက်ကလည်း ကရုဏာရေးကူညီမှုအသင်းက ကား ၂ စီး၊ နောက်ထပ် အိမ်စီးကား ၂ စီး မီးထဲပါသွားပြီး အိမ် ၈ လုံး မီးလောင်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့၊ မနက် ၁၁ နာရီခွဲလောက်က မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ အမှတ် ၁ ဘောတံတားက ကုန်တင်စက်လှေတစီးပေါ်မှာ Level 2 အဆင့် မီးလောင်ခဲ့ပြီး ကုန်ပစ္စည်းတွေ ဆုံးရှုံးခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။