ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ လအတွင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ် NUG၊ PDF ထောက်ခံတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာတွေ ရေးတင်တာကြောင့်လို့ စွပ်စွဲပြီး ဒေသခံ ၁၄ ယောက်ကို စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ ၁ လအတွင်း ပုသိမ်မြို့နယ်က ဒေသခံ ၁၄ ယောက်ကို တော်လှန်းရေးအင်အားစုတွေ ဖြစ်တဲ့ PDF တွေနဲ့ NUG ကိုထောက်ခံတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာတွေကို ဖေ့ဘုတ်ခ် လူမှုကွန်ယက်ပေါ် ရေးတင်ခဲ့တာကြောင့်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဒေသခံ တွေကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “စကစ ဘက်ကတော့ သူတို့တားမြစ်ကန့်သတ်ထားတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့စာတွေ ဖေ့စ်ဘွတ်ခ်ပေါ် တင်တာကြောင့်နဲ့ အကြမ်းဖက်အဖွဲ့လို့ သူတို့ကြေညာထားတဲ့ တော်လှန်ရေးအဖွဲ့တွေကို အားပေးတာကြောင့်ဆိုပြီး ဖမ်းတာပဲ။ အဘက်ဘက်ကနေ လိုက်ခြောက်လှန့် ဖမ်းဆီးတာတွေလုပ်နေတာ။ အခု အဖမ်းခံရတဲ့ အထဲမှာ မိန်းကလေးတွေလည်း ပါတယ်။ စွပ်စွဲ ဖမ်းဆီးချက် သက်သက်ပါပဲ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတာဟာ အမျိုးသား ၁၁ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဖြစ်ပြီး အွန်လိုင်း ဈေးရောင်သူတွေနဲ့ တောင်သူလယ်သမား သားသမီးတွေ အများဆုံးပါတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းခံရသူတွေကို ကူညီနေပေးနေသူတယောက်က “အဖမ်းခံရသူတွေက လူငယ်တွေပါ။ ကလေးတွေရဲ့ ဖုန်းတွေလည်း အသိမ်းခံထားရတယ်။ မိန်းကလေး ၃ ယောက်ပါတယ်။ မိန်းကလေးတွေရဲ့ မိဘတွေက ပိုစိတ်ပူနေတယ်။ သူတို့လက်ထဲ ရောက်ရင် သိတဲ့အတိုင်းပဲလေ။ သူတို့ဖမ်းသွားတာနဲ့ အသေနဲ့ အကျိုး ဒါမှမဟုတ် အစော်ကားမခံရဖို့ပဲ ဆုတောင်းနေရတာ။ ဥပဒေနဲ့အညီ ခုခံချေပခွင့် လုံးဝ ရတာမရှိဘူး” လို့ ပြောပါတယ်။
အဲဒီ ဖမ်းဆီးခံရသူတွေကို စစ်တပ်က ဥပဒေနဲ့အညီလို့ ခေါင်းစဉ်တပ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၅၀၅ (က)၊ ၅၀၅(ခ) စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူထားသူတွေလည်းရှိပြီး လက်ရှိအချိန်အထိ အမှုဖွင့်မခံရသေးတဲ့ သူတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကလည်း ပုသိမ်မှာ ဒေသခံ လူငယ် ၉ ယောက်ကို NUG၊ PDF တွေကို ထောက်ခံအားပေးတာ၊ စစ်တပ်ကို အပုပ်ချပြောဆိုတဲ့စာတွေ ရေးတင်တယ်လို့စွပ်စွဲ ဖမ်းဆီးခဲ့ပြီး ၇ ယောက်ကတော့ ငွေပေးပြီး ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။