ရုရှားနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ ဒရုန်းတွေ ထုတ်လုပ်မှုဟာ မနှစ်က အရှိန်မြှင့်လာခဲ့ပြီး နည်းပညာဆိုင်ရာ ပြဿနာတချို့ကို ဖြေရှင်းဖို့ လိုနေသေးတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးလ်ရွှိုင်ဂူက ဖေဖော်ဝါရီ ၁၀ ရက်မှာ ရုပ်သံဗီဒီယိုထုတ်ပြန် ပြောပါတယ်။
နှစ်နှစ်နီးပါးကြာ ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ဒရုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးခဲ့ပေမဲ့ စျေးပေါတဲ့ အီရန်လုပ် ရှဟိဒ်ဒရုန်းတွေကို မကြာခဏ အားကိုးခဲ့ရပါတယ်။
“ဖန်တီးနိုင်ခဲ့ပြီးသား ထုတ်လုပ်မှု စွမ်းရည်တွေဟာ ဒီနေ့ ကျနော်တို့ ကြုံတွေ့နေရတဲ့ အလုပ်အများစုကို ပြီးမြောက်စေပါတယ်”လို့ အူမုရ်ကျာဒေသတွင်း ဗော်လ်ဂါမြစ်ဝှမ်းဒေသထဲက ဒရုန်းထုတ်လုပ်ရေး စက်ရုံတွေဆီ သွားရောက်လည်ပတ်ချိန်မှာ ရွှိုင်ဂူက ပြောခဲ့ပါတယ်။ ဒရုန်းတွေနဲ့ အီလက်ထရွန်နစ် စစ်ပွဲတွေအတွင်း ဉာဏ်ရည်တု (AI) သုံးတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လိုနေသေးတယ်လို့ တာဝန်ရှိသူတွေရဲ့ အစည်းအဝေးအတွင်း သူက ပြောခဲ့ပါတယ်။
ရုရှားအစိုးရဟာ ယူကရိန်းမှာ စစ်ဘက်ဆိုင်ရာ အကျပ်အတည်းတွေကို ဖြတ်ကျော်ဖို့ လပေါင်း အတော်ကြာကြာ ကြိုးပမ်းနေလို့ သူ့ရဲ့ စစ်ဘက်ဆိုင်ရာ စက်မှုဇုန်က ထုတ်လုပ်မှုကို အရှိန်မြှင့်လိုက်ပြီဆိုတာကို ရုရှားအစိုးရက မကြာသေးမီလတွေအတွင်း အချက်ပြနေခဲ့ပါတယ်။
ယူကရိန်းတပ်မှူးတွေက ပဋိပက္ခထဲမှာ မောင်းသူမဲ့လေယာဉ်တွေ အသာစီးရဖို့ အရေးကြီးတယ်လို့ ပြောနေကြပေမဲ့ နှစ်ဖက်စလုံးက လက်နက်တွေ အလွန်အကျွံသုံးတာဟာ တပ်ဖွဲ့ဝင်တွေအတွက် ကုန်းကြောင်းကို ချီတက်ဖို့ ခက်ခဲစေတယ်လို့ စစ်ရေး လေ့လာသူတွေက သုံးသပ်ပါတယ်။
Source/Photo-Reuters