ယူကရိန်းနိုင်ငံ ခါကိဗ်မြို့ကို ရုရှားနိုင်ငံက ဒရုန်းလေယာဉ်နဲ့ တိုက်ခိုက်ခဲ့လို့ ကလေးငယ် ၃ ဦး အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ပြီး မီးလောင်ကျွမ်းမှုတွေလည်း ဖြစ်ပွားခဲ့တာကြောင့် အခြေခံအဆောက်အအုံတွေနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၁၀ ရက်မှာပြောကြားခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့ဝင်တွေဟာ သောကြာနေ့နှောင်းပိုင်းမှာ မြို့ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို ထိမှန်ခဲ့ပါတယ်။
ကြီးကြီးမားမား မီးလောင်ကျွမ်းမှုတွေ ဖြစ်ခဲ့ရပြီးတော့ ခါကိဗ်မြို့ အရှေ့ဘက်ရှိ လူနေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ခါကိဗ်ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုလက် ဆိုင်နေဟူဘော့ဗ် က ပြောကြားခဲ့ပါတယ်။
လေကြောင်းရန်ကာကွယ်ရေးနဲ့ ဒရုန်းမုဆိုးများ မိုဘိုင်းလ်အဖွဲ့တို့ဟာ နိုင်ငံရဲ့အရှေ့မြောက်ဘက်ရှိ ခါကိဗ်ဒေသနဲ့ တောင်ဘက်ရှိ အိုဒက်ဆာ ဒေသတို့ကို ချိန်ရွယ်ထားကာ ရုရှားမှ ပစ်လွှတ်လိုက်တဲ့ ဒရုန်း ၃၁ စင်းအနက် ၂၃ စင်းကို ပစ်ချခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၉ ရက်ည ၁၁ နာရီလောက်က ဒရုန်း ၃ စင်းဟာ နေးမီရှလိယန်စကီ ခရိုင်မြို့ရှိ ဓာတ်ဆီဆိုင်ကို ထိမှန်ခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ခါကိဗ်မြို့တော်ဝန် အီဟော်ရ် တားရာကော့ဗ်က ပြောပါတယ်။
ကိုယ်ပိုင်အိမ် ၁၄ လုံးလောက် ပျက်စီးသွားပြီး လူ ၅၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြောင်းလည်း ဆိုပါတယ်။
မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ရုရှားက ချက်ချင်းတုံ့ပြန်ခဲ့ခြင်း မရှိပေမဲ့ အရပ်ဘက်နေရာတွေကို တမင်ပစ်မှတ်ထားခြင်း မရှိကြောင်း အမြဲပြောကြားလေ့ ရှိပါတယ်။
Source/Photo-REUTERS/Vitalii Hnidyi