မြန်မာနိုင်ငံရဲ့ အရှေ့မြောက် ကုန်သွယ်ရေးလမ်းမပေါ်မှာရှိတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာမှာ တိုက်ပွဲကာလအတွင်း ဒေသခံပြည်သူတွေရဲ့ နေအိမ် ၆၅၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ နမ့်ဖတ်ကာ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄ အထိ စစ်ကောင်စီနဲ့ KIA ပူးပေါင်း အဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲကာလအတွင်း ထိခိုက်ပျက်စီးသွားတဲ့ နေအိမ် ၆၅၀ ကျော်၊ ကာလတန်ဖိုး သိန်း ၇၀,၀၀၀ ကျော်လောက် ဆုံးရှုံးသွားခဲ့ပြီး အဲဒီထဲမှာ အများပိုင် အဆောက်အဦတွေ ဖြစ်တဲ့ ဘုရားကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဈေး၊ ဘုန်းကြီးကျောင်းတွေရဲ့ စားရင်းတွေ မပါသေးကြောင်း နမ့်ဖတ်ကာ၊ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်က ထုတ်ပြန်ထားပါတယ်။
ဒေသခံ အမျိုးသားတယောက်က “ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်။ ပျက်စီး လောင်ကျွမ်း ဆုံးရှုံးသွားတဲ့ နေအိမ်၊ အဆောက်အဦတွေ ပြန်လည်တည်ဆောက်ဖို့ ငွေကြေးတွေ လိုမယ်။ နေအိမ် ပျက်စီးဆုံးရှုံးသွားသူတွေကို အားပေးနှစ်သိမ့်ဖို့ လိုမယ်” လို့ ပြောပါတယ်။
နမ့်ဖတ်ကာရွာထဲက စစ်ဘေးရှောင်ပြည်သူတွေကိုတော့ ဇန်နဝါရီ ၃၀ ရက်နေ့ကစလို့ ပြန်လာနိုင်ပြီဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းက အသိပေး အကြောင်းကြား လာတာကြောင့် ဒေသခံ ပြည်သူတွေတချို့ ပြန်လာကြပြီဖြစ်ပြီး အသင်း သူ၊ အသင်းသားတွေနဲ့အတူ တိုက်ပွဲဒဏ်ကြောင့် ပျက်စီးသွားတဲ့ နေအိမ်အဆောက်အဦ တချို့ကို သွားရောက် သန့်ရှင်းရေး စလုပ်နေပြီလို့ အဲဒီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “ကျမရဲ့ အမတို့က နေစရာ အိမ်မရှိတော့လို့ ရွာဘက် ပြန်သွားပြီ။ အမေတို့ဆီ သွားနေနေတယ်။ လေယာဉ် ဗုံးမှန်လို့ ဘာမှ မကျန်တော့ဘူး။ အကုန် မီးလောင် ပြာကျ သွားပြီလေ” လို့ ပြောပါတယ်။
ထိခိုက်ပျက်စီးတာ အများဆုံးကတော့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ၂၀၂၃ ဒီဇင်ဘာ ၁၉ ကနေ ၂၀၂၄ ဇန်နဝါရီ ၂၄ အထိ လက်နက်ထိမှန်သေဆုံးသူ ပြည်သူ ၁၅ ဦး၊ ထိခိုက် ဒဏ်ရာရရှိသူ ၁၅ ဦး ရှိပြီး တိုက်ပွဲ ပြီးသွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦး ထပ်တိုးလာတာကြောင့် စုစုပေါင်း ၁၉ ဦး ရှိကာ တိုက်ပွဲအတွင်း တခြားအကြောင်းကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ ၅ ဦး ရှိကြောင်း နမ့်ဖတ်ကာ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်ရဲ့ သတင်းအချက်အလက်တွေ အရ သိရပါတယ်။
တိုက်ပွဲ မဖြစ်ပွားခင် ၂၀၂၃ ဇူလိုင်လ ၁၈ ရက်နေ့ကစ ၂၀၂၃ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ လက်နက်ထိမှန် သေဆုံးသွားတဲ့ ပြည်သူ ၁၂ ဦး ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိတဲ့ ပြည်သူ ၅၅ ဦး ထက် မနည်း ရှိတယ်လို့ ဆိုပါတယ်။
KIA နဲ့ ပူးပေါင်း အဖွဲ့ဘက်ကတော့ တိုက်ပွဲအတွင်း ၂၈ ဦး ကျဆုံးခဲ့ပြီး ၅၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု အတိအကျ မသိရပေမယ့် ၂ ယောက်စီး တိုက်လေယာဉ် FTC-2000G ပစ်ချခံရလို့ ပျက်ကျခဲ့ကာ Pilot ဗိုလ်မှူး အေးမြင့်၊ ဗိုလ်ကြီး ကောင်းစံ တို့ကျဆုံးခဲ့ကြောင်း KIA ရှေ့တန်း အသိုင်းအဝိုင်းဆီက သိရပါတယ်။
ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာ အခြေစိုက် ခလရ - ၁၂၃ စစ်ကောင်စီ တပ်ရင်းစခန်းကြီး အားလုံးနဲ့ နမ့်ဖတ်ကာမြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ည ၆ နာရီဝန်းကျင်ခန့်က KIA နဲ့ PDF ပူးပေါင်းအဖွဲ့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။