ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ ဖေဖော်ဝါရီ ၉ ရက် ညပိုင်းက နေအိမ်တလုံးအပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး မိသားစုဝင် ၃ ယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအဖြစ်ဘဲ ကောင်းတုံကျေးရွာနားကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး လက်နက်ကြီး ၃ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ရွာနားမှာက တိုက်ပွဲဖြစ်တာတော့မရှိဘူး။ ည ၁၀ နာရီလောက် လက်နက်ကြီး ၃ လုံး ရွာနားကျတယ်။ ၁ လုံးက နေအိမ်တည့်တည့်ကိုကျပြီး အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ကလေး ၁ ဦး၊ စုစုပေါင်း မိသားစု ၃ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးကျည်မှန်လို့ အမျိုးသမီးရဲ့ လက်နဲ့ ကျောပြင်မှာ ဒဏ်ရာပြင်းထန်ခဲ့ပြီး အမျိုးသားနဲ့ သားဖြစ်သူတို့ကတော့ လက်နဲ့ခြေထောက်တို့မှာ ဒဏ်ရာရခဲ့ပြီး သူတို့ကို ဗန်းမော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။
တိုက်ပွဲမဖြစ်ဘဲ မံစီမြို့မှာ ရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာလို့ ဒေသခံတွေက ပြောဆိုတာရှိပေမဲ့ ဒီဗွီဘီအနေနဲ့ အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း ဗန်းမော်ခရိုင်၊ မံစီမြို့နယ်က စစ်ကောင်စီရဲ့ မန်ဝိန်းကြီး တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပါသေးတယ်။