Home
မြန်မာသတင်း
မလေးရှားရောက် တရားမဝင် နိုင်ငံခြားသားများကို အရေးမယူဘဲ ပြန်ခွင့်ပေးမည်
DVB
·
February 10, 2024
mal 1022024

မလေးရှားနိုင်ငံမှာရှိတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေနဲ့

ပတ်စ်ပို့သက်တမ်းကုန်နေတဲ့သူတွေကို မလေးရှားပြည်ထဲရေးက အရေးမယူဘဲ နေရပ်ပြန်ခွင့်ပေးမယ်လို့ပြောကြောင်း မလေးရှားရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။

‌မလေးရှားနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးနဲ့ ရောက်လာတဲ့ တရာမဝင် နိုင်ငံခြားသားတွေနဲ့ ပတ်စ်ပို့သက်တမ်းကုန်နေတဲ့သူများကို  မတ်လ ၁ ရက်နေ့ကစပြီး နေရပ်ပြန်ခွင့်ပေးသွားမယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောသွားခဲ့ပေမယ့် ပြစ်ဒဏ် ခံနေရဆဲသူတွေ မပါဝင်ဘူးလို့ နှလုံးလှပရဟိတ သွေးအလှူရှင်များအဖွဲ့ တာဝန်ရှိသူ ကိုသက်က ပြောပါတယ်။

“အထောက်အထားမဲ့တဲ့သူတွေကို  ၃ လပိုင်း ၁ ရက်နေ့ကစပြီး အရေးမယူဘဲ ပြန်ခွင့်ပေးမယ်ဆိုပြီး ပြည်ထဲရေးက သတင်းစားရှင်းလင်းပွဲမှာ ပြောသွားတယ်။ ကျန်းမာ‌ရေး မကောင်းတဲ့သူတွေ၊ အိမ်ပြန်ချင်တဲ့သူတွေ၊ ပတ်စ်ပို့သက်တမ်း ကုန်တဲ့ သူတွေ ပြန်လို့ရတယ်။ အဖမ်းခံထားရပြီးသားလူတွေတော့ မပါဘူး။ သူတို့ အမိန့်ချထားတိုင်း ထောင်ကျသင့်တာကျမှာပဲ။ ပြီးရင်တမျိုးပေါ့။ အရင်ကဆို ဒီလိုမျိုး အမြဲတမ်းဖွင့်တယ်။ ဒီနှစ်မှ ၁ နှစ်ကျော်လောက်ကြာသွားတာ” လို့ ပြောပါတယ်။

မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို အရေးမယူပေမယ့် ပြစ်မှုတခုအတွက် ဒဏ်ကြေးငွေ ရင်းဂစ် ၅၀၀ တော့ ပေးဆောင်ခိုင်းပါတယ်။

မလေးရှားအနေနဲ့ နိုင်ငံအတွင်း နိုင်ငံခြားသားများပြားနေတာကြောင့် ပြုလုပ်တာ ဖြစ်နိုင်ကြောင်း

မလေးရောက်မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။

“သူတို့နိုင်ငံသားတွေ နိုင်ငံခြားသားတွေ ဈေးရောင်း၊ ဆူပူနေတာကို မကြိုက်လို့ အသင်းအဖွဲ့တွေပါထောင်ပြီး လဝကကိုစာတင်တာ။ လဝကနဲ့ ပြည်ထဲရေးက တောက်လျှောက် ဖမ်းသလို ဒီလိုနည်းနဲ့ပါ ထပ်ရှင်းလိုက်တာ။ ပြန်ချင်တဲ့သူတွေက အရင်ကလို ထောင်မကျပေမယ့် ဒဏ်ကြေးတော့ ပေးရမယ်။ အိမ်ပြန်ချင်တဲ့ သူတွေ အတွက်ကတော့ ကောင်းပါတယ်။ အများစုကတော့ ပြန်ချင်မယ်လို့ ကျနော်မထင်ဘူး” လို့ ပြောပါတယ်။

မလေးရှားမှာ အော်ပရာစီ စစ်ဆင်ရေး စတဲ့ ဒီဇင်ဘာကစပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ မလေးရောက် မြန်မာတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024