ရုရှားနဲ့ စစ်ပွဲဖြစ်နေတဲ့ ဒီနေ့အချိန်အထိ အကြီးမားဆုံး အလှုပ်အခတ်အဖြစ် ရာထူးမှ ဖယ်ရှား ခံလိုက်ရတဲ့ ယူကရိန်း စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဗာလရီ ဇာလူဇညီကို သမ္မတ ဇလန်းစကီးက ဖေဖော်ဝါရီ ၉ ရက်မှာ ယူကရိန်း သူရဲကောင်းဘွဲ့ ချီးမြှင့်လိုက်ပါတယ်။
ရုရှားကျူးကျော်မှု တလျှောက် ယူကရိန်းရဲ့ စစ်ပွဲတွေကို ကြီးကြပ်ခဲ့တဲ့ နာမည်ကျော်ပုဂ္ဂိုလ် ဇာလူဇညီရဲ့ နေရာမှာ မြေပြင်တပ်ဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး အိုလက်ဆန်ဒါ ဆာရ်ဆကီးကို ဖေဖော်ဝါရီ ၈ ရက်မှာ အစားထိုးခဲ့ပါတယ်။
“ယူကရိန်းနိုင်ငံနဲ့ ယူကရိန်းအသက်ကို ကာကွယ်ဖို့ ရပ်တည်ခဲ့တဲ့သူတွေ အားလုံးကို ယူကရိန်းရဲ့ သူရဲကောင်းများဆိုတဲ့ ဘွဲ့ထူးတွေနဲ့ နိုင်ငံတော်ဆုကို ချီးမြှင့်ဂုဏ်ပြုပါတယ်” လို့ သမ္မတ ဇလန်းစကီးက ပြောကြားပါတယ်။
ယူကရိန်းဟာ ရုရှားကို တားဆီးဖို့လည်း စီမံထားပြီးဖြစ်ကြောင်းနဲ့ အနိုင်ရဖို့ လိုအပ်တဲ့နည်းလမ်းနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လည်း သင်ယူခဲ့ရပြီ လို့လည်း ဆိုပါတယ်။
ယူကရိန်းရဲ့ပန်းတိုင်တွေရောက်ဖို့၊ လွတ်လပ်ရေးကို အခိုင်အမာ ကာကွယ်ဖို့၊ ငြိမ်းချမ်းရေးကို အခိုင်အမာ အာမခံဖို့၊ ရုရှားရဲ့ဘေးကင်းမှုကို အခိုင်အမာ အာမခံပြီးတော့ ယူကရိန်းပန်းတိုင်တွေကို အရောက်လှမ်းနိုင်ဖို့အတွက် အဆုံးထိ လမ်းကြောင်းကို လိုအပ်သလို လျှောက်လှမ်းရပါမယ် လို့လည်း သမ္မတ ဇီလန်စကီးက ပြောပါတယ်။
ဗိုလ်ချုပ်ကြီး ဇာလူဇညီကို ယူကရိန်းနိုင်ငံရဲ့ အမြင့်ဆုံး နိုင်ငံတော်ဆု ချီးမြှင့်တဲ့ ဆုံးဖြတ်ချက်ဟာ သူ့ကို လက်နက်ကိုင်တပ်မှူးအဖြစ်မှ ဖယ်ရှားပြီးနောက်မှာလည်း ဇီလန်စကီးနဲ့ သူ့အဖွဲ့ဟာ ဇာလူဇညီအတွက် စည်းလုံးမှုနဲ့ လေးစားမှု ရှိကြောင်းကို ပြသဖို့ ကြိုးစားနေတဲ့ လက္ခဏာတရပ် လို့ ဆိုပါတယ်။
ဇာလူဇညီဟာ ဇီလန်စကီးထက် အများသူငှာ ယုံကြည်မှုကို ပိုပြီးကြီးကြီးမားမား ရထားတယ် လို့ စစ်တမ်းတွေက ညွှန်ပြနေပါတယ်။
ဇာလူဇညီ ရာထူးက ဖယ်ရှားခံရမှုအပေါ် လူထုတုံ့ပြန်မှုမှာ ခိုင်မာထင်ရှားတဲ့ အချက်အလက်တွေ မရှိသေးပေမယ့် ယူကရိန်းနိုင်ငံသား အများအပြားက သူ့ရဲ့ရာထူးကနေ ထုတ်ပယ်ခံရမှုကို လူမှုမီဒီယာမှာ ပွင့်ပွင့်လင်းလင်း မေးခွန်းထုတ်ခဲ့ကြပါတယ်။
ရုရှားနဲ့ စစ်ဖြစ်ပွားနေတာ ၃ နှစ်ကာလ ရောက်တော့မယ့်အချိန်မှာ ယူကရိန်းရဲ့အထင်ရှားဆုံး စစ်ရေးဆိုင်ရာပုဂ္ဂိုလ်နှစ်ဦးကြား အမြင် ကွဲလွဲမှုတွေ ရှိနေတယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ ပျံ့နေတာ လအတော်ကြာနေပြီ ဖြစ်ပါတယ်။
ကရင်မလင်နန်းတော်ကတော့ ယူကရိန်းစစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ပိုင်း အပြောင်းအလဲက ယူကရိန်းမှာ ရုရှားရဲ့ အထူးစစ်ဆင်ရေးရဲ့ရလဒ်ကို ပြောင်းလဲစေမယ်လို့ မယုံကြည်ကြောင်း ဖေဖော်ဝါရီ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရုရှားရဲ့ရည်မှန်းချက် ပြည့်တဲ့အထိ ဆက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က ပြောဆိုခဲ့ပါတယ်။
Source/Photo - Reuters