ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း နာဝပ်ဇ် ရှရစ်ဖှ်ဟာ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတွေမှာ အနိုင်ရကြောင်း ဖေဖော်ဝါရီ ၉ ရက်မှာ ကြေညာခဲ့ပြီး သူ့ပါတီဟာ အင်အားအကြီးဆုံးပါတီအဖြစ် ပေါ်ထွက်လာခဲ့ပေမဲ့ သူ့ပါတီတခုတည်းက နေရာအများစုကို ပြတ်ပြတ်သားသား အနိုင်မရခဲ့တာ ကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ တခြားပါတီတွေနဲ့ ဆွေးနွေးမယ်လို့ ပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၈ ရက်က ရွေးကောက်ပွဲ ပြီးဆုံးပြီးလို့ ၂၄ နာရီကျော် ကြာပြီးတော့မှ အမတ်နေရာ ၂၆၅ နေရာထဲက ၄ ပုံ ၄ ပုံကျော်ရဲ့ ရလဒ်တွေကို ကြေညာပြီးနောက်မှာ ရှရစ်ဖှ်ရဲ့ ကြေညာချက် ထွက်လာတာပါ။
ပါကစ္စတန် ရွေးကောက်ပွဲအတွက် ရလဒ်တွေ ကြေငြာဖို့ နှောင့်နှေးမှုဟာ ပုံမှန်တော့ မဟုတ်ဘူး လို့ ရိုက်တာမှာ ဖော်ပြပါတယ်။
ဂရင်းနစ်စံတော်ချိန် ၁၆ နာရီအထိ ရေတွက်ထားတဲ့ ရလဒ်တွေအရ တသီးပုဂ္ဂလ ကိုယ်စားလှယ် တွေက ၂၂၅ နေရာထဲက ထိုင်ခုံနေရာ ၉၀ လောက်အထိ အများဆုံး အနိုင်ရရှိခဲ့တာဖြစ်ပြီး အဲဒီထဲမှာ အကျဉ်းကျခံ ၀န်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းမှ ကျောထောက်နောက်ခံပြုထားတဲ့ ကိုယ်စားလှယ်အများစု ပါဝင်ကြောင်း ရလဒ်တွေက ပြနေပါတယ်။
နာဝပ်ဇ် ရှရစ်ဖှ်ရဲ့ ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ် (PML-N) က ၆၄ နေရာ အနိုင်ရခဲ့ပြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတိုရဲ့သား ဘီလာဝလ် ဘူတို ဇာဒါရီ က နေရာ ၅၀ ရရှိခဲ့ပါတယ်။
ကျန်တဲ့နေရာတွေကိုတော့ ပါတီငယ်တွေနဲ့ တခြားတစ်သီးပုဂ္ဂလတွေက အနိုင်ရပါတယ်။
နိုင်ငံတဝှမ်းမှာလည်း ရွေးကောက်ပွဲရလဒ် ကြေညာဖို့ နှောင့်နှေးမှုနဲ့ မဲလိမ်လည်မှု စွပ်စွဲချက်တွေ ကြားမှာ ဆန္ဒပြမှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၉ ရက်က အနောက်မြောက်ပိုင်း ရှန်ဂလာမှာ ရဲတွေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုအတွင်း ၀န်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းရဲ့ ပီတီအိုင်ပါတီကို ထောက်ခံသူ ၂ ဦး သေဆုံးခဲ့ကြောင်း ပါတီနဲ့ ဒေသတွင်းမီဒီယာတို့က ပြောကြားခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ ရဲကားတစီးကို မီးတင်ရှို့ခဲ့ပြီး ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ပါတယ်။
ဖေဖော်ဝါရီ ၈ ရက် ကြာသပတေးနေ့ မဲပေးပွဲ မတိုင်ခင်မှာလည်း နိုင်ငံတဝှမ်းရှိ လမ်းမတွေနဲ့ မဲရုံတွေမှာ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို ဖြန့်ကျက်ချထားခဲ့ပါတယ်။
လုံခြုံရေးတိုးမြှင့်ထားတာကြောင့် အီရန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်တွေ ကို ယာယီ ပိတ်ထားခဲ့ပါတယ်။
လုံခြုံရေး တိုးမြှင့်ထားပေမယ့်လည်း စစ်သွေးကြွတွေက ဗုံးသီးတွေ၊ လက်ပစ်ဗုံး ဖောက်ခွဲမှုတွေ နဲ့ ပစ်ခတ်မှုတွေ အပါအဝင် တိုက်ခိုက်မှု ၅၆ ခု ဖြစ်ပွားခဲ့ရာမှာ ကလေးငယ် ၂ ဦးအပါအဝင် လူ ၂၈ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
Source/Photo - Reuters