ဥဇဘတ်ကစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲမှာ အကူဒိုင်လူကြီးအဖြစ် မြန်မာအမျိုးသမီးဒိုင်လူကြီး ဒေါ်ဝင့်ဝါထွန်းကို တာဝန်ပေးအပ်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၉ ရက်မှာ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘတ်နိုင်ငံမှာ ဖေဖော်ဝါရီ ၂၈ ရက်ကနေ မတ် ၁၈ ရက်အထိ ကျင်းပမှာဖြစ်ပြီး အဲဒီပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အကူဒိုင်လူကြီးအဖြစ် ဒေါ်ဝင့်ဝါထွန်းက တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ဝင့်ဝါထွန်းဟာ အကူဒိုင်လူကြီးအဖြစ် ၂၀၁၇ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ဖီဖာအဆင့်ဒိုင်လူကြီးဖြစ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဒေါ်ဝင့်ဝါထွန်းဟာ အာဆီယံအဆင့်(AFF) ပြိုင်ပွဲ ၂ ကြိမ်နဲ့ အာရှအဆင့် (AFC) ပြိုင်ပွဲ ၃ ကြိမ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အခုပြိုင်ပွဲဟာ သူ့အတွက် ၄ ကြိမ်မြောက် အာရှအဆင့် (AFC) ပြိုင်ပွဲ ဖြစ်ပါတယ်။
အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ အုပ်စု (က) မှာ ဥဇဘတ်ကစ္စတန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ နဲ့ တရုတ်တိုင်ပေ၊ အုပ်စု (ခ) မှာ ဂျပန်၊ မြောက်ကိုရီးယား၊ တရုတ်နဲ့ ဗီယက်နမ်တို့ဖြစ်ပြီး မြန်မာအသင်းကတော့ ဒုတိယအဆင့်မှာ အုပ်စုတတိယပဲ ရရှိခဲ့တာကြောင့် ပါဝင်ယှဉ်ပြိုင်ခွင့် မရပါဘူး။