ရခိုင်ပြည်နယ်၊ မြောက်ဦး၊ မင်းပြားနဲ့ ကျောက်တော်မြို့တွေကို ရက္ခိုင့်တပ်တော် (အေအေ) က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီမြို့တွေမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား လုံးဝမရှိတော့ဘူးလို့ အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီမြို့တွေမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ စကခ ၉ ဌာနချုပ်နဲ့ လက်အောက်ခံတပ်ရင်း တပ်ဖွဲ့ အားလုံးကို အေအေတပ်တွေက အပြီးသတ် ချေမှုန်းတိုက်ခိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက"မြောက်ဦး၊ မင်းပြား၊ ကျောက်တော်မြို့တွေမှာ အခြေစိုက်ထားတဲ့ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီရဲ့ စကခ ၉ ဌာနချုပ်နဲ့ သူ့ရဲ့လက်အောက်ခံ တပ်ရင်းတွေ အားလုံးကို ကျနော်တို့ ရက္ခိုင့်တပ်တော်က အပြီးသတ် ခြေမှုန်းတိုက်ခိုက် ရှင်းလင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီမှာ ဒီအကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားလည်း လုံးဝကို မရှိတော့ပါဘူးခင်ဗျာ"လို့ပြောပါတယ်။
လက်ရှိမှာလည်း ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ မောင်တောနဲ့ ရမ်းဗြဲမြို့နယ်တွေဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့တပ်ဖွဲ့တွေဘက်က အကျအဆုံးအများအပြားရှိနေ ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဘက်ကတော့ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ပေါ်မှာသာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ပြီး တပ်ဖွဲ့တွေကို စစ်ရေးအသင့်ပြင်ခိုင်းထားပါတယ်။
အောင်သူ