ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် အေအေ က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်းဘေးက စစ်ကောင်စီရဲ့ အုတ်ဖိုတာဆုံ စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။
ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တော ကားလမ်းမ ဘေးမှာရှိတဲ့ စစ်ကောင်စီရဲ့ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းတခုလုံးကို ၂ ရက်တာ ထိုးစစ်ဆင်ပြီး ဖေဖော်ဝါရီ ၉ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်းကျေးရွာနား က ‘နခခ ၇’ လို့ခေါ်တဲ့ ကြိမ်ချောင်း နယ်ခြားစောင့်စခန်းကိုလည်း လက်နက်ချအညံ့မခံတာကြောင့် အေအေက စတင်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်းလည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အဲဒီစခန်းဟာ အရပ်သားပြည်သူနေထိုင်ရာနေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လေ့ရှိတဲ့ တပ်စခန်းဖြစ်ကြောင်းနဲ့ လက်နက်ချအညံ့မခံတဲ့ စခန်းတိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။
ရခိုင့်တပ်တော် အေအေ အနေနဲ့ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ ချင်းပြည်နယ်၊ ပလက်ဝမြို့တို့ကို သိမ်းပိုက်ထားရရှိထားပြီးဖြစ်ပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းဘေးက စစ်ကောင်စီရဲ့ အုတ်ဖိုတာဆုံစစ်ဆေးရေးဂိတ်စခန်းကို ဖေဖော်ဝါရီ ၉ ရက် မနက် ၅ နာရီခွဲကျော်လောက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
နှစ်ဖက်အပြန်လှန် မိနစ်အနည်းငယ်ကြာ ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီ စစ်ဆေးရေး ဂိတ်စခန်းက ၃ ယောက်သေဆုံးနိုင်ပြီး ၄ ယောက်ထိခိုက်ဒဏ်ရာရတယ်လို့ ပူးပေါင်းတပ်ဖွဲ့ဝင် တာဝန်ရှိသူက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း တပ်ခွဲ ၅၊ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။