ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ဆန်ပြတ်လပ်နေတဲ့ ခါနန်စစ်ရှောင် စခန်းကို ဖေဖော်ဝါရီ ၁၀ ရက်မှာ ဆန်တွေ သွားရောက် လှူဒါန်းခဲ့တယ်လို့ စစ်ရှောင်အရေး ကူညီပေးသူ တဦးက ပြောပါတယ်။
အိမ်ခြေ ၃၃ အိမ်ရှိတဲ့ ခါနန်စစ်ရှောင်စခန်းမှာ လူဦးရေ ၁၄၀ ကျော် နေထိုင်ပြီး အသက် ၁၈ နှစ် အောက်ကလေး အယောက် ၆၀ ကျော်နဲ့ ကျန်းမာရေးချို့ယွင်းသူ ၇ ယောက်ရှိတယ်လို့ သိရပါတယ်။
စစ်ရှောင်အရေးကူညီပေးသူတယောက်က “စစ်ရှောင်စခန်းတွေမှာ အလိုအပ်ဆုံးက ရိက္ခာဆိုတော့ ဆန်ကို အဓိကထားပြီး သွားကူဖြစ်ပါတယ်။ ဆန်လာလှူတော့ သူတို့ ပျော်ကြတယ်။ တအိမ်ထောင်ကို ဆန်တပြည်ခွဲနှုန်းနဲ့ လှူခဲ့ပါတယ်။ လူဦးရေများတဲ့ အိမ်တွေဆို ပိုလှူခဲ့တယ်” လို့ ပြောပါတယ်။
စစ်ရှောင်စခန်းမှာ လွိုင်ကော်မြို့ကနေ စစ်ရှောင်လာတဲ့ပြည်သူတွေ၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်းကနေ စစ်ရှောင်လာသူတွေ နေထိုင်ပြီး စစ်ရှောင်ကာလ ၃ လကျော်ကနေ ၂ နှစ်ခွဲ ကျော်ထိ စစ်ရှောင်နေရသူတွေ ရှိတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသားတယောက်က “ကျနော်တို့စခန်းမှာ နောက် ၂ ရက်လောက်ဆို ဆန်က ပြတ်တော့မှာ။ အိမ်ထောင်စုတစုကို လူဦးရေ ၆ ယောက်၊ ၇ ယောက် ရှိတဲ့သူတွေဆို ဆန်က ပြတ်နေပြီ။ သူတို့ ဆန်ပြတ်သွားရင်လည်း အချင်းချင်းပြန်မျှပြီးစားကြတယ်” လို့ ပြောပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင် ၃ သိန်းကျော် အထိရှိနေပြီး စစ်ရှောင်ကာလ ကြာမြင့်တာ၊ စစ်ဘေးရှောင် တိုးလာတာတွေကြောင့် စားနပ်ရိက္ခာ ပြတ်လပ်သလို မိုးကာနဲ့ သောက်သုံးရေ လိုအပ်တာ၊ အနွေးထည်လိုအပ်တာစတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတွေဆီက သိရပါတယ်။