ဆီနီဂေါနိုင်ငံမှာ သမ္မတရွေးကောက်ပွဲကို ရုတ်တရက် နောက်ဆုတ်ရွှေ့ဆိုင်းလိုက်မှုကို ဆန့်ကျင်ကြတဲ့ ဆန္ဒပြသူ ရာပေါင်းများစွာနဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီ ၉ ရက်မှာ ထိပ်တိုက်တွေ့ခဲ့ကြပြီး ရွေးကောက်ပွဲနောက်ဆုတ်မှုဟာ အာဏာကိုင်စွဲထားချင်တဲ့ ကြိုးပမ်းမှု လို့ စွပ်စွဲချက်တွေကိုလည်း တရားရေးဝန်ကြီး ပယ်ချခဲ့ပါတယ်။
ရွေးကောက်ပွဲရွှေ့ဆိုင်းမှုအပေါ် အဆိုးရွားဆုံး ကန့်ကွက်ဆူပူနေတဲ့ မြို့တော် ဒါကာမှာတော့ ကားတာယာတွေကို မီးရှို့ပြီး ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်နေကြတဲ့ ဆန္ဒပြလူအုပ်ဆီကို အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေ၊ လက်ပစ်ဗုံးတွေနဲ့ ရော်ဘာ ကျည်ဆန်တွေကို ပစ်လွှတ်ခဲ့ပါတယ်။
ဆန္ဒပြသူတချို့က ဆီနီဂေါအလံတွေကို ဝှေ့ယမ်းကြပြီး တချို့က သမ္မတ မက်ကီဆောလ် ဟာ အာဏာရှင်ပဲ ဆိုပြီးလည်း ကြွေးကြော်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက် မဲပေးပွဲ မတိုင်ခင် ၃ ပတ်တောင် မလိုတော့တဲ့အချိန်မှာ ပါလီမန်က ရွေးကောက်ပွဲကို ဒီဇင်ဘာလအထိ နောက်ဆုတ်ထားဖို့ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပြီး သမ္မတ မက်ကီဆောလ်ရဲ့ လုပ်ပိုင်ခွင့်ကို သက်တမ်းတိုးပေးလိုက်တာကြောင့် အနောက်အာဖရိကနိုင်ငံတွေ အပြိုင်အဆိုင် အာဏာသိမ်းနေကြတဲ့အထဲမှာ လက်ကျန်ဒီမိုကရေစီနိုင်ငံတွေထဲက တခုအနေနဲ့ ဒီမိုကရေစီ ခြိမ်းခြောက်ခံနေရမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့ ယုံကြည်ကိုးစားမှုကို ခြိမ်းခြောက်နေတဲ့ ကိုယ်စားလှယ်လောင်း စာရင်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုကြောင့် မဲပေးပွဲကို ရွှေ့ဆိုင်းခဲ့ရတာဖြစ်ကြောင်း သမ္မတ မက်ကီဆောလ်က ပြောပါတယ်။
မက်ကီဆောလ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သက်တမ်း ၂ ဆက် ကန့်သတ်မှုကို ရောက်နေပြီ ဖြစ်ပါတယ်။
ဆီနီဂေါ တရားရေးဝန်ကြီး အိုက်ဆာတာ တောလ်ဆောလ်ကတော့ သမ္မတ ရွေးကောက်ပွဲကို ရုတ်တရက် ရွှေ့ဆိုင်းလိုက်ရတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဖြစ်တယ် ဆိုပြီး ဖေဖော်ဝါရီ ၉ ရက်မှာ ကာကွယ်ပြောဆိုခဲ့ပြီး နိုင်ငံ့သမိုင်းမှာ အကြီးမားဆုံး နိုင်ငံရေးအကျပ်အတည်းကို အစပျိုးခဲ့ကြောင်းကို အသိအမှတ်ပြုခဲ့ပါတယ်။
သမ္မတနဲ့ အမျိုးတော်စပ်မှု မရှိတဲ့ တရားရေးဝန်ကြီး တောလ်ဆောလ်ကတော့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းမှုဟာ သမ္မတရဲ့ ဆုံးဖြတ်ချက်မဟုတ်ဘဲ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း အင်တာဗျူး တခုမှာ ပြောထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို တင်သွင်းတဲ့ တရားရေးဆိုင်ရာ စိန်ခေါ်မှုတွေဟာ သူ့ရဲ့ တရားစီရင်ပိုင်ခွင့်ထဲကို မကျရောက်ခဲ့ဘူးလို့လည်း ပြောပါတယ်။
Source/Photo - Reuters