ရုရှားနဲ့ ယူကရိန်းတို့ဟာ ၂ နှစ်နီးပါးကြာ စစ်ပွဲအတွင်း တဖက်နဲ့တဖက် စစ်သုံ့ပန်း ၁၀၀ ကို လဲလှယ်ခဲ့ပြီး အာရပ်စော်ဘွားများပြည်ထောင်စုက ကြားဝင်ဆောင်ရွက်ပေးခဲ့တယ်လို့ ၂ နိုင်ငံစလုံးက ဖေဖော်ဝါရီ ၈ ရက်မှာ ပြောပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဖေဖော်ဝါရီ ၈ ရက်က ရုရှားနဲ့ အကျဉ်းသား လဲလှယ်မှုကို အတည်ပြုခဲ့ပြီး ရုရှားဖမ်းဆီးထားတဲ့ ယူကရိန်းအကျဉ်းသား အယောက် ၁၀၀ ပြန်လွတ်လာပြီလို့ ပြောပါတယ်။
ပြန်လွတ်လာသူတွေထဲက အများစုဟာ မာရီယူပိုလ်ကို ကာကွယ်ရေးမှာ ပါဝင်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ဒီကနေ့အထိ ရုရှားဖမ်းဆီးခံထားရာက လွတ်မြောက်လာခဲ့တဲ့ ယူကရိန်း အမျိုးသားတွေနဲ့ အမျိုးသမီးတွေ စုစုပေါင်း ၃,၁၃၅ ဦး ရှိသွားပြီလို့လည်း သမ္မတ ဇလန်းစကီးက ပြောပါတယ်။
ယူကရိန်း စစ်သုံ့ပန်းများဆိုင်ရာ ဖြေရှင်းညှိနှိုင်းရေးကော်မတီ အဆိုအရ ပြန်ရောက်လာကြတဲ့ စစ်သားတွေထဲမှာ ဒဏ်ရာရထားသူ၊ ဖျားနာသူ ၂၈ ယောက် ရှိတယ်လို့ ပြောပါတယ်။
မာရီယူပိုလ် ကာကွယ်ရေးမှာ ပါဝင်ခဲ့သူ ၈၄ ဦးနဲ့ ကျန်သူတွေဟာ ရုရှားတပ်တွေ တစိတ်တပိုင်း သိမ်းပိုက်ထားတဲ့ ဒွန်နက်စ်ခ်နဲ့ လူဟန့်စ်ခ် နယ်မြေတွေရဲ့ တခြားတပ်ဖွဲ့နေရာတွေမှာ အမှုထမ်းခဲ့တာ ဖြစ်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တယ်လီဂရမ်အက်ပ်မှာ အလဲအလှယ်အကြောင်း အသေးစိတ် အနည်းငယ် ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ပြန်လာတဲ့စစ်သားတွေကို မော်စကိုမှာ ဆေးစစ်မှုတွေလုပ်မယ်လို့ ပြောပါတယ်။
စစ်သုံ့ပန်း အပြန်အလှန် လဲလှယ်မှုအပြီး ဘတ်စ်ကားပေါ်မှာ စီးနင်းလိုက်ပါလာတဲ့ စစ်သားတွေကို ပြသထားတဲ့ ဗီဒီယိုဖိုင်ကို ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ရိုက်တာက ဒီဗီဒီယိုဖိုင်ကို သီးခြား အတည်မပြုနိုင်ပါဘူး။
Source/Photo-Reuters