ပါကစ္စတန် အထွေထွေရွေးကောက်ပွဲမှာ ထောင်ကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ ဖျက်သိမ်းခံထားရတဲ့ ပါတီကနေ တသီးပုဂ္ဂလ ဝင်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေ အခြေအနေကောင်းနေတယ်လို့ ပြင်ပစစ်တမ်းတွေကို ကိုးကားပြီး NDTV သတင်းဌာနက ဖော်ပြပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်က ရလဒ်တွေ ထုတ်ပြန်ပေးတာ အရမ်းနှောင့်နှေးနေတဲ့အတွက် မဲမသမာမှုတွေ ရှိလာနိုင်တယ်လို့ စွပ်စွဲမှုတွေ ရှိနေပါတယ်။
မဲရုံပိတ်ပြီးတာ ၁၆ နာရီကြာလာတဲ့အချိန်၊ ဖေဖော်ဝါရီ ၉ ရက် ဒေသစံတော်ချိန် မနက် ၉ နာရီအထိ ကော်မရှင်က အမတ်နေရာ ၁၃ နေရာရဲ့ ရလဒ်ပဲ ကြေညာသေးတာ ဖြစ်ပါတယ်။
အဲဒီကြေညာထားသမျှထဲမှာတော့ ခန်းရဲ့ ပါကစ္စတန်တရားမျှတရေး လှုပ်ရှားမှုပါတီ (PTI) ကနေ တသီးပုဂ္ဂလဝင်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေက ၅ နေရာ နိုင်ထားပါတယ်။
ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်-နာဝပ်ဇ် (PML-N) က ၅ နေရာ၊ ပါကစ္စတန်ပြည်သူ့ပါတီ (PPP) က ၅ နေရာ နိုင်ထားပြီး မဲရလဒ်တွေ အချိန်နဲ့အမျှ အပြောင်းအလဲရှိနေပါတယ်။
နောက်ထပ်ဝန်ကြီးချုပ်ဟောင်းတဦးဖြစ်တဲ့ အသက် ၇၄ နှစ်အရွယ် နာဝပ်ရှရစ်ဖ် ဦးဆောင်တဲ့ PML-N ပါတီကလည်း ဒီတခေါက်ရွေးကောက်ပွဲမှာ စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ရထားပြီး အစိုးရဖွဲ့နိုင်ဖို့ မျှော်လင့်ထားပါတယ်။
အခုလို မဲကြေညာတာ ကြာနေတာဟာ ခန်းရဲ့ PTI အုပ်စုတွေ နိုင်နေတဲ့ရလဒ်ကို မသမာလုပ်ပြီး PML-N နိုင်အောင် ပြင်ဖို့ ကြိုးစားနေတာလို့ သံသယရှိနေကြပါတယ်။
“တသီးပုဂ္ဂလတွေက အံ့အားသင့်စရာဖြစ်အောင် လုပ်လိုက်ပြီ။ PTI နောက်ခံပြု ကိုယ်စားလှယ်တွေက အံ့အားသင့်စရာ လုပ်ပြလိုက်နိုင်ပြီ” လို့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ပါကစ္စတန်သတင်းစာ Express Tribune က ဖော်ပြပါတယ်။
ပထမဆုံး တရားဝင်ရလဒ် ထွက်မလာခင်ကတည်းကပဲ PTI ရဲ့ မဲဆွယ်လှုပ်ရှားမှု ဦးဆောင်သူ အိုမာ အယွတ် ခန်းက PTI ကတသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေဟာ အမတ် ၃ ပုံ ၂ ပုံရပြီး ဖက်ဒရယ်အစိုးရကို ဦးဆောင်နိုင်စွမ်းရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters