အမေရိကန်ဟာ ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ရာဖာမြို့မှာ အစ္စရေးစစ်တပ်ရဲ့ အဓိက စစ်ဆင်ရေး အစီအစဉ်တွေကို ထောက်ခံမှာမဟုတ်ကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အဲဒီစစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး အမေရိကန်က စိုးရိမ်ပူပန်ကြောင်းကိုလည်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ရှင်းရှင်းလင်းလင်း ပြောကြားထားကြောင်း အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောဆိုပါတယ်။
အခုအချိန် ပါလက်စတိုင်းအရပ်သား အများအပြား ခိုလှုံနေကြရတဲ့ ရာဖာမှာ ဘယ်လို အဓိက စစ်ဆင်ရေးမဆို လုပ်ဆောင်တာဟာ ဘေးအန္တရာယ်ပဲ ဖြစ်စေလိမ့်မယ်လို့ ကာဘီက ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ကြာသပတေးနေ့က ဂါဇာကမ်းမြောင်ဒေသရဲ့ လူဦးရေ ထက်ဝက်ကျော် ခိုလှုံနေကြတဲ့ တောင်ပိုင်းနယ်စပ်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ကြာသပတေးနေ့ မနက်ပိုင်းက အစ္စရေးလေယာဉ်တွေဟာ ရာဖာမြို့တော်ရဲ့ အစိတ်အပိုင်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ နေအိမ် ၂ လုံးက လူ ၁၁ ဦးထက်မနည်း သေဆုံးသွားကြောင်း ဒေသခံတွေက ပြောကြားခဲ့ပါတယ်။
တင့်ကားတွေကလည်း ရာဖာအရှေ့ပိုင်းရှိ နေရာတချို့ကို ဗုံးကြဲတိုက်ခိုက်နေခဲ့ပြီး မြေပြင်စစ်ဆင်ရေး ဖြစ်လာတော့မှာကို ဒေသခံတွေ စိုးရိမ်မှု ပြင်းထန်လာခဲ့ပါတယ်။
ရာဖာမှာ ခိုလှုံနေကြတဲ့ လူပေါင်း ၁ သန်းကျော်အတွက် တွေးတော၊ စီစဉ်ပေးမှု တစုံတရာ မရှိတဲ့အပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီနဲ့ ပြည်ပနိုင်ငံသားတွေ ဘေးကင်းစွာ ထွက်ခွာသွားမှုအပေါ် သက်ရောက်မှုတွေကို ထည့်သွင်းမစဉ်းစားဘဲ လေးလေးနက်နက် ယုံကြည်ရလောက်တဲ့ စီစဉ်ထားတာမျိုး မရှိတဲ့ ဘာစစ်ဆင်ရေးကိုမှ အမေရိကန်က ထောက်ခံမှာမဟုတ်ကြောင်းလည်း နိုင်ငံခြားရေးဌာန လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဗီးဒန့်ထ် ပတေးလ်က သတင်းထောက်တွေကို ပြောပါတယ်။
ဖေဖော်ဝါရီ ၇ ရက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ အစ္စရေး စစ်ပွဲရေးရာ ဝန်ကြီးအဖွဲ့နဲ့ တွေ့ဆုံခဲ့ပေမဲ့ အစ္စရေးဟာ ဒီလိုစစ်ဆင်ရေးအတွက် အလေးအနက်ထား စီစဉ်ဆောင်ရွက်ခဲ့တဲ့ အထောက်အထားတွေကို အမေရိကန်က မတွေ့ခဲ့ရကြောင်း ပတေးလ်က ပြောဆိုခဲ့ပါတယ်။
Source/Photo-Reuters