ရုရှားနိုင်ငံဟာ သူ့အကျိုးစီးပွားအတွက် အဆုံးထိတိုက်သွားမှာ ဖြစ်ပေမဲ့ ယူကရိန်းစစ်ပွဲကို အနီးနားက ပိုလန်နဲ့ လတ်ဗီးယားလို နိုင်ငံတွေအထိ ချဲ့ထွင်သွားဖို့ စိတ်မဝင်စားဘူးလို့ သမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ထုတ်လွှင့်တဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။
ရုရှားအပေါ်မှာ မဟာဗျူဟာမြောက် အောင်ပွဲရဖို့ဆိုတာ မဖြစ်နိုင်မှန်း အနောက်ကမ္ဘာက ခေါင်းဆောင်တွေ သိလာကြပြီဖြစ်ပြီး အခု ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေကြပြီလို့ ပူတင်က ပြောသွားပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန် ဂျာနယ်လစ်တဦးနဲ့ အင်တာဗျူးလုပ်တာ ဖြစ်ပါတယ်။
ဒီအင်တာဗျူးကို အငြင်းပွားဖွယ် ကွန်ဆာဗေးတစ်ဝါဒီ တွေ့ဆုံမေးမြန်းသူ တက်ဒ်ကာဆင်က မော်စကိုမှာ ပူတင်နဲ့ ဖေဖော်ဝါရီ ၆ ရက်က တွေ့ဆုံခဲ့တာဖြစ်ပြီး ၈ ရက်နေ့မှာမှ tuckercarlson.com ကနေ လွှင့်ခဲ့တာဖြစ်ပါတယ်။
နေတိုးတပ်ဖွဲ့ဝင် ပိုလန်ကို ရုရှားတပ်တွေ လွှတ်ဖို့ရှိ မရှိ ဆိုတဲ့ မေးခွန်းကို “ပိုလန်က ရုရှားကို တိုက်မှပဲ ဒီလိုဖြစ်လာမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိုလန်၊ လတ်ဗီးယားနဲ့ တခြားနေရာတွေမှာ ကျုပ်တို့ အကျိုးစီးပွားတွေ မရှိဘူး။ ဘာလို့လုပ်ရမှာလဲ။ ရှင်းရှင်းလေးပဲ ကျုပ်တို့အကျိုးမှမရှိတာ” လို့ ပူတင်က ပြောပါတယ်။
၂၀၂၂ ခုနှစ် ဧပြီတုန်းက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ရုရှားနဲ့ ယူကရိန်း တွေ့ဆုံဆွေးနွေးတုန်းက ရုရှားတပ်တွေ ကိယက်ဗ်မြို့နားက ဆုတ်ပေးလိုက်တာနဲ့ ရန်လိုမှုတွေ အဆုံးသတ်ဖို့ သဘောတူညီလုနီးပါး ဖြစ်ပေမဲ့ ယူကရိန်းဘက်က နောက်ဆုတ်သွားခဲ့တာလို့ ပူတင်ကဆိုပါတယ်။
ယူကရိန်းမှာ စစ်အင်အားစုဆောင်းမှုတွေ၊ ဆောက်တည်ရာမရ ဖြစ်နေတာတွေ၊ ပြည်တွင်းရေးကိစ္စတွေကနေ အနှေးနဲ့အမြန် သဘောတူညီချက် ယူလာရလိမ့်မယ်လို့လည်း ပူတင်က ပြောပါတယ်။
အမေရိကန်က သူ့ပြည်တွင်းရေးနဲ့သူ တိုင်ပတ်နေချိန်မှာ ရုရှားနဲ့ ဆွေးနွေးတာ မကောင်းဘူးလား၊ သဘောတူညီချက်ယူတာ မကောင်းဘူးလားလို့လည်း ပူတင်က မေးခွန်းထုတ်ပါတယ်။
ယူကရိန်းအတွက် နောက်ထပ် အကူအညီတွေ ပေးဖို့ကိစ္စ အမေရိကန်လွှတ်တော်နှစ်ရပ်မှာ အခုထက်ထိ သဘောမတူညီနိုင်သေးတဲ့အချိန်မှာ ပူတင်ဆီက ဒီလိုစကား ထွက်လာတာပါ။
Source/Photo-Reuters