ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၁ ကနေ ဖေဖော်ဝါရီ ၃ ရက်အထိ စစ်ကောင်စီက ဆီဆိုင်မြို့နဲ့ မြို့နယ်အတွင်းက ကျေးရွာတွေကို လေယာဥ်နဲ့ ၂၄၇ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးနဲ့ ၈၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ထုတ်ပြန်ထားပါတယ်။
PYO ကောက်ယူထားတဲ့ အချက်အလက်တွေအရ ဇန်နဝါရီ ၂၈ ရက်ကနေ ဖေဖော်ဝါရီ ၃ ရက်အထိ ၇ ရက်အတွင်းမှာလည်း လေကြောင်းဗုံးကြဲမှု ၁၁၈ ကြိမ်နဲ့ လက်နက်ကြီးပစ်ခတ်မှု ၅၉ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လူနေအိမ် ၂၆ လုံး၊ ဘာသာရေးအဆောက်အဦ ၆ လုံး၊ စာသင်ကျောင်း ၃ ကျောင်း ထိခိုက်ပျက်စီးခဲ့သလို အပြစ်မဲ့ အရပ်သား ၄ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ အပြစ်မဲ့ အရပ်သားပြည်သူ ၆၃,၃၈၁ ဦး အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ကင်းရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လတ်တလော ဆီဆိုင်မြို့နဲ့ မြို့နယ်အတွင်းက ကျေးရွာတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်၊ လေယာဥ်နဲ့ ဗုံးကြဲတာတွေကို စစ်ကောင်စီက နေ့စဥ် ဆက်လက် ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
ဆီဆိုင်မြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၁၃ အုပ်စု၊ လူဦးရေ ၁၄၀,၀၀၀ ကျော်ရှိပြီး ဆီဆိုင်မြို့ပေါ် ၆ ရပ်ကွက်က ပြည်သူတွေ အပါအဝင် ပင်စုံအုပ်စု၊ တောင်ရှေ့အုပ်စု၊ လွယ်ပွတ်အုပ်စု၊ နောင်ကကာအုပ်စု၊ တဘက်အုပ်စုက ရွာတချို့၊ ကုန်းစွတ်ကျေးရွာအုပ်စု ရွာတချို့၊ ပါလောပါကယ်အုပ်စုက ရွာတချို့က ပြည်သူ ဦးရေ ၆၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ဆီဆိုင်မြို့မိမြို့ဖတဦးက ပြောပါတယ်။
ဟိုပုံးမြို့နယ် စံဖူးကျေးရွာမှာ ဇန်နဝါရီ ၂၁ ရက်က မြောက်ပိုင်းမဟာမိတ် တော်လှန်ရေး အင်အားစုနဲ့ ကရင်နီတော်လှန်ရေးအင်အားစုတို့ရဲ့ လက်နက်ခဲယမ်းတွေကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် PNO တို့ ဖမ်းဆီးရာကနေ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာမို့ ဆီဆိုင်မြို့နယ်ကို စစ်မီးကူးစက်လာခဲ့တာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ အမျိုးသားတဦးကို ဖေဖော်ဝါရီ ၅ ရက် မနက်က PDF တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး သူတိမ်းရှောင်ရာ စစ်ရှောင်စခန်းကနေ ဖမ်းဆီးသွားပြီးနောက် ညနေ ၃ နာရီကျော်မှာ သွေးအန်ပြီး သေဆုံးသွားတယ်လို့ အကြောင်းကြားလာကြောင်း မိသားစုဝင်နဲ့ ရွာသားတွေကို အကြောင်းကြားခဲ့တယ်လို့ ရွာသားတဦးက ပြောပါတယ်။
ဆီဆိုင်မြို့နယ် နောင်အယ်ရွာနေ အသက် ၅၁ နှစ်အရွယ် ခွန်ဘအောင်ဟာ စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှက်တာကြောင့် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
နီးစပ်သူတဦးက “သွေးအန်တယ်ဆိုပြီး ဆိုက်ခေါင်ဆေးရုံ ပို့ထားတယ်လို့ မိသားစုကို အကြောင်းကြားလာတယ်။ မိသားစုတွေ လိုက်သွားတော့ အသက်မရှိတော့ပါဘူး။ ပါးစပ်တွေ နှာခေါင်းတွေမှာတော့ သွေးထွက်နေတယ်။ တော်တော်နှိပ်စက်ခဲ့တဲ့ပုံပဲ” လို့ ပြောပါတယ်။
သေဆုံးသူ ခွန်ဘအောင်ကို ဆိုက်ခေါက် နာရေးကူညီမှုအသင်း အကူအညီနဲ့ ဖေဖော်ဝါရီ ၅ ရက်ညမှာပဲ မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီဟာ ပအိုဝ်းဒေသရှိ အရပ်သားတွေနေထိုင်ရာ ကျေးရွာ၊ မြို့တွေကို လေယာဉ်နဲ့ ဗုံးလာကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို လုပ်ဆောင်နေကြောင်း သိရပါတယ်။