Home
မြန်မာသတင်း
ကျိုက်မရောထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြ
DVB
·
February 9, 2024
kyeik 922024

မွန်ပြည်နယ်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ တရားမဝင် ဖုန်းရှာဖွေဖမ်းဆီးရမိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးမေးဖို့ ခေါ်သွားတဲ့ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို တိုက်ပိတ် အရေးယူခဲ့တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးဆိုင်ရာ အခွင့်အရေး တောင်းဆိုတဲ့အနေနဲ့ အချက် ၃ ချက်ကို လိုက်လျောပေးဖို့ အစာငတ်ခံ ဆန္ဒပြနေကြတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားနှစ်ဦးကို စွပ်စွဲခေါ်ဆောင်သွားပြီး တိုက်ပိတ်ခဲ့တာမှာ တွေ့ဆုံခွင့်ရဖို့နဲ့ အခွင့်အရေးတချို့ တောင်းဆိုတာကို ခွင့်မပြုတဲ့အတွက် အခုလို အစာငတ်ခံ ဆန္ဒပြရတာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“စစ်ဆေးဘာညာ တရားစီရင်ရေးပိုင်းတွေ တခြားနိုင်ကျဉ်းတွေက ဝင်ရောက်နှောင့်ယှက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ ကျန်းမာရေးကလည်း သိပ်မကောင်းဘူး။ ရင်ကြပ်ပန်းနာလိုမျိုးရှိတယ်။ သူတို့ ခေါ်ယူစစ်ဆေးပြီး အဆောင်ပြန်ပို့တာဖြစ်ဖြစ် ထောင်ဆေးရုံဆောင်တို့မှာ ထားစေချင်တယ်။ သူတို့ကျန်းမာရေးအခြေအနေနဲ့ တိုက်ထဲမှာနေဖို့ အဆင်မပြေဘူး။ တောင်းဆိုချင်တာက ခက်ခဲတာမဟုတ်ပေမဲ့ ထောင်အာဏာပိုင်တွေက မလိုက်လျောလို့ တချို့နိုင်ကျဉ်းတွေဆို ၆ ရက်နေ့ နေ့လယ် ၁၁ နာရီလောက်ကတည်းက hunger strike စနေကြတာပါ။”

နိုင်ငံရေးအကျဥ်းသားတွေဖြစ်ကြ‌ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်ကျခံနေရတဲ့ ကိုသက်မောင်မောင်စိုး (ခ) ဖိုးထောင်နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ်ကိုသက်ဇော်ကိုတို့ကို ဖေဖော်ဝါရီ ၄ ရက် ည ၇ နာရီခွဲလောက်မှာ တရားမဝင်ဖုန်း ဖမ်းဆီးမိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းဖို့ အဆောင်ကို မီးမှိတ်ခေါ်ထုတ်သွားတာလို့ သိရပါတယ်။

“အထဲက ထောင်ဝန်ထမ်းတွေက နိုင်ကျဉ်းတွေကိုဆို လုပ်ချင်သလို လုပ်လို့ရတယ်၊ ခေါ်ထုတ်ချင်သလို ထုတ်လို့ရတယ်၊ မေးချင်သလို မေးလို့ရတယ်ဆိုတဲ့ လူ့အခွင့်အရေးတွေ ထိခိုက်နေတယ်လို့ တွေးတဲ့အတွက် အခုလို ဆောင်ရွက်ရတာဖြစ်တယ်။ သူတို့တွေ အထဲမှာ ဘာမှ မစားမသောက်ဘဲ ထောင်ကကျွေးတဲ့ အစားအသောက် ဘာတခုမှ မထိဘဲ hunger strike လုပ်နေတဲ့ နိုင်ကျဉ်းက ၄၇ ယောက်ရှိပါတယ်” လို့ အဆိုပါနီးစပ်သူက ဆက်ပြောပါတယ်။

ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ အကျဉ်းသူ/သားတွေနဲ့ ပတ်သက်ပြီး စစ်ဆေး မေးမြန်းစဉ် တရားလက်လွန် ဆောင်ရွက်တာတွေ မဖြစ်ပေါ်စေရေး၊ လူ့ဂုဏ်သိက္ခာနဲ့အညီ ဆောင်ရွက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အလွယ်တကူရရှိနိုင်ရေး စတဲ့ အကြောင်းအရာတွေအတွက် အချက် ၃ ချက်ကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

စစ်ဆေးခံ နိုင်ကျဉ်းရဲဘော် ၂ ဦးရဲ့ ကျန်းမာရေးကို နေ့စဉ်စစ်ဆေးပေးဖို့နဲ့ ကျန်းမာရေးအရ စိတ်ချရတဲ့ အကျဉ်းတိုက်မဟုတ်တဲ့ တခြားနေရာကို ပြောင်းရွှေ့စစ်ဆေးပေးဖို့၊ စုံစမ်းစစ်ဆေးမှုပြီးတာနဲ့ မူလအဆောင်ကို အမြန်ဆုံးပို့ဆောင်ပေးဖို့နဲ့ နောက်ဆုံး အကျဉ်းသူ/သားတွေကို ခေါ်ယူစစ်ဆေးရင် ထောင်ဖွင့်ချိန်မှသာ ခေါ်ယူစစ်ဆေးဖို့တို့ ဖြစ်ပါတယ်။

တောင်းဆိုချက် ၃ ချက်ကို တာဝန်ရှိသူ ထောင်အာဏာပိုင်တွေက လိုက်လျောပေးရေးအတွက် ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ဖေဖော်ဝါရီ ၇ ရက်ကစပြီး ရက်အကန့်အသတ်မရှိ အစာငတ်ခံ ဆန္ဒထုတ်ဖော်သွားမယ်လို့ သိရပါတယ်။

ဝေဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024