Home
နိုင်ငံတကာ
နီးဗားဒါးပြည်နယ် ရီပတ်ဘလစ်ကန် သမ္မတလောင်း အကြိုရွေးကောက်ပွဲတွင် ထရမ့် ထပ်နိုင်
DVB
·
February 9, 2024

အမေရိကန်ပြည်ထောင်စု၊ နီးဗားဒါးပြည်နယ်နဲ့ ဗားဂျင်းအိုင်းလန်းနယ်မြေတို့မှာ ဖေဖော်ဝါရီ ၈ ရက်က ပြုလုပ်တဲ့ လူထုစုဝေးမဲပေးပွဲ (Caucus) ပုံစံပြုလုပ်တဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း အကြိုရွေးကောက်ပွဲတွေမှာ ဒေါ်နယ်ထရမ့်ကပဲ အနိုင်ရသွားခဲ့ပြီး ပါတီကိုယ်စားလှယ်လောင်းဖြစ်ဖို့ အခြေအနေကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီဘက်က ထရမ့်၊ ဒီမိုကရက်ပါတီဘက်က လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်တို့ မကျေပွဲပြန်နွှဲရဖို့ ရာခိုင်နှုန်း အတော်များလာပြီ ဖြစ်ပါတယ်။

နီဗားဒါးပြည်နယ် အကြိုရွေးကောက်ပွဲက ရှုပ်ထွေးမှုရှိခဲ့ပြီး ပြည်နယ်အစိုးရက Primary လို့ခေါ်တဲ့ ပုံမှန်ရွေးကောက်ပွဲပုံစံ အကြိုရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ကျင်းပပေးခဲ့ပြီး ပြည်နယ် ရီပတ်ဘလစ်ကန်ပါတီကကျတော့ လူထုစုဝေးရွေးကောက်ပွဲ (Caucus) ပုံစံနဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ထပ်ကျင်းပခဲ့ပါတယ်။

၆ ရက်နေ့က Primary မှာ ထရမ့်က ဝင်မပြိုင်ခဲ့ပါဘူး။ အဲဒါကြောင့် အဓိကပြိုင်ဘက် နီကီဟေလီနဲ့ တခြား မထင်မရှား ဝင်ပြိုင်သူ အနည်းငယ်ပဲ မဲစာရင်းမှာ ပါခဲ့ပေမဲ့ နစ်ကီဟေလီ ရှုံးသွားခဲ့ပါတယ်။

မဲစာရင်းမှာ “စာရင်းပါတယောက်မှ မရွေးဘူး” ဆိုတဲ့နေရာ ခြစ်လို့ရတာကြောင့် ထရမ့် ထောက်ခံသူတွေက မဲလာထည့်ပြီး အဲဒီနေရာကို ခြစ်သွားကြပါတယ်။

မဲစာရင်းချုပ်တော့ “စာရင်းပါတယောက်မှ မရွေးဘူး” က ၆၃ ရာခိုင်နှုန်းရပြီး ဟေလီက ၃၀ ရာခိုင်နှုန်းပဲ ရတဲ့အတွက် အရှက်တကွဲရှုံးနိမ့်မှု ဖြစ်သွားပါတယ်။

၈ ရက်နေ့ ပြည်နယ်ကလုပ်တဲ့ လူထုစုဝေးရွေးကောက်ပွဲ (Caucus) မှာကျတော့လည်း ဟေလီမပါဘဲ ထရမ့်တယောက်ပဲ အဓိကယှဉ်ပြိုင်သူ ပါဝင်တဲ့အတွက် ထရမ့်က အပြတ်နိုင်သွားပါတယ်။

ပြည်နယ်ပါတီကတော့ Caucus ရလဒ်ကိုပဲ အတည်ယူမယ်လို့ ကြေညာတဲ့အတွက် နီဗားဒါးရဲ့ ခွဲတမ်းကိုယ်စားလှယ် ၂၆ ဦးစလုံး ထရမ့်ရဖို့ သေချာသွားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024