ကရင်နီပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်က အကျဉ်းသားတွေ အစားအသောက်နဲ့ ဆေးဝါးရရှိဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ ကရင်နီ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး (KPPA) ဆီက သိရပါတယ်။
လွိုင်ကော်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသား ၅၀၀ နီးပါးရှိပြီး ၁၁.၁၁ စစ်ဆင်ရေးစတင်တဲ့ နိုဝင်ဘာ ၁၁ ရက်ကတည်းက ထောင်ဝင်စာတွေ့ခွင့်နဲ့ ထောင်တွင်းရိက္ခာ ဆေးဝါးပို့ခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် အကျဉ်းသားတွေကို အခန်းထဲ ပိတ်လှောင်ထားပြီး အစားအစာခက်ခဲမှုနဲ့ ရေမသန့်ရှင်းမှုကြောင့် ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်တွေ ရှိနေတယ်လို့လည်း သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ KPPA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထားဖိုးက “အခန်းထဲပိတ်လှောင်ထားတော့ အရေပြားရောဂါတွေ ခံစားရတယ်။ အမျိုးသား အဆောင်ဘက်မှာ အောက်ပိုင်းလေဖြန်းသလို အကြောသေသလို ဖြစ်တဲ့လူ အရမ်းများလာတယ်။ အကျဉ်းသားတွေကို ကျွေးတာကလည်း အရမ်းဆိုးတယ်။ ထမင်းကြမ်းနဲ့ ငါးပိကိုပဲ ကျွေးတယ်။ သူတို့ကျွေးတဲ့ငါးပိက အတော်စားရအဆင်မပြေတဲ့ ငါးပိပေါ့။ ငါးပိတောင် လုံလုံလောက်လောက် ရရှိတာမဟုတ်ဘူးဗျ။ ကျနော်တို့တုန်းကဆို အဲ့ဒီငါးပိကိုမှ ရေရောပဲစားကြမှ စားလို့လောက်တာပါ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က လွိုင်ကော်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၂ ဦး အပါအဝင် အကျဉ်းသား စုစုပေါင်း ၆၅ ဦး ပြန်လွှတ်ပေးခဲ့တယ်လို့ KPPA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။