Home
မြန်မာသတင်း
ရေးမြို့တွင် စစ်တပ်ပစ်ခတ်သည့်လက်နက်ကြီး နေအိမ်ပေါ်ကျ၊ ၇ ဦးဒဏ်ရာရ
DVB
·
February 8, 2024
Yae city 0812024

မွန်ပြည်နယ် ရေးမြို့နယ် ကျုံလောင်းရွာဟောင်းကို ဖေဖော်ဝါရီ ၇ ရက်ညနေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ကလေး ၂ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေ ၅ နာရီခွဲ ဝန်းကျင်အချိန်မှာ ရေးမြို့နယ်အခြေစိုက် အမတ-၃၁၆ က လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့တာကြောင့် မွန်ပြည်သစ်ပါတီ ဗဟိုထိန်းချုပ်နယ်မြေအနီးက ကျုံလောင်းရွာဟောင်း ရွာလယ်က နေအိမ်ကို လက်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၁၀ နှစ်အရွယ် ကလေး ၂ ဦးနဲ့ အမျိုးသား ၅ ဦး ဒဏ်ရာရခဲ့ကာ ၁ ဦးက ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

အသက် ၅၅ နှစ်အရွယ်  ဒေါ်မငယ်က နားနဲ့ခြေထောက်၊ ၄၇ နှစ်အရွယ် စန်းဦးက တင်ပါး၊ ၂၁ နှစ်အရွယ်  ပြည့်စုံဦးက ခါးနဲ့လက်ပြင်၊ ၁၈ နှစ်အရွယ် စိုင်းခန့်က ခါးနဲ့လက်၊ ၁၁ နှစ်ကလေး စနေက ခြေထောက်နဲ့ လည်ပင်း၊ ၁၀ နှစ်အရွယ် သက်မွန်ထွေးက ပေါင်၊ ၅၉ နှစ်အရွယ် ဦးလှမြင့်နဲ့ အသက် ၅၀ အရွယ် ဦးတင်မောင်စန်းတို့က ပေါင်မှာ အသီးသီး ထိမှန်ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသခံက ပြောပါတယ်။

“လက်နက်ကြီးက ဘာတိုက်ပွဲမှမရှိဘဲ PDF တွေရှိတယ်ဆိုပြီး အကြောင်းမဲ့ပစ်ခတ်နေခဲ့တာပါ။ ထိမှန်ဒဏ်ရာရရှိသူတွေက NMSP မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ ဝယ်ပေါင်ဆေးခန်းမှာ ဆေးကုသမှုခံယူနေရတယ်။”

လက်နက်ကြီး ထိမှန်ဒဏ်ရာရသူတွေဟာ အခြားဒေသမှ လာရောက် အလုပ်လုပ်ကိုင်နေသူတွေ ဖြစ်ပြီး မီးသွေးဖုတ်သမား မိသားစုဖြစ်ကြတယ်လို့ ဆိုပါတယ်။

ရေးမြို့နယ်တွင်းက  စစ်ကောင်စီတပ်ရင်းတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်ခံရမှုတွေကြောင့် ကျေးရွာတွေထဲ လက်နက်ကြီး မကြာခဏ ပစ်ခတ်နေတယ်လို့ ရေးဒေသကာကွယ်ရေးတာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ညကလည်း ရေးမြို့နယ် အာယုတောင်အခြေစိုက် ခမရ - ၃၄၃ နဲ့ ခမရ - ၅၇၈ တို့မှ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ၁၁ နှစ်အရွယ် မယွန်းမီမီကို သေဆုံးခဲ့ရပြီး  ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024