စစ်အာဏာသိမ်း ၃ နှစ်တာကာလအတွင်း စစ်ကောင်စီရဲ့ ကျန်းမာရေးယန္တရား ပုံမှန် မလည်ပတ်နိုင်တော့ဘဲ ပြည်သူတွေဟာ အခြေခံကျန်းမာရေးဆိုင်ရာ ရပိုင်ခွင့်တွေ ဆုံးရှုံးနေပါတယ်။
၂၀၂၁ စစ်အာဏာစသိမ်းချိန်ကနေ လက်ရှိအချိန်အထိ ၃ နှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီရဲ့ ကျန်းမာရေးယန္တရားတွေ ပုံမှန်မလည်ပတ်နိုင်တော့ဘဲ တစတစ ပိုဆိုးရွားတဲ့ အခြေအနေ ဖြစ်နေတာပါ။
အခြေခံဆေးဝါးနဲ့ ကျန်းမာရေးဝန်ထမ်း အလုံအလောက်မရှိတာ၊ နိုင်ငံတဝန်း စစ်ရေး-နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ နယ်စပ်ကုန်သွယ်လမ်းကြောင်း ပိတ်ဆို့မှုတွေ၊ နိုင်ငံခြားဝင်ငွေ မရှိတာ စတဲ့ အထွေထွေအကျပ်အတည်းတွေကြားမှာ ပြည်သူတွေရဲ့ ကျန်းမာရေးဆိုင်ရာ အခြေခံရပိုင်ခွင့်တွေကို စစ်ကောင်စီက လျစ်လျူရှုထားခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်း စစ်ဘေးရှောင်ပြည်သူတဦးက “သမီးလေးမှာလည်း ဗိုက်ကြီးနဲ့ပါ။ ယောကျ်ားတွေကလည်း ဘယ်သွားလို့သွားမှန်း မသိပါဘူး။ ဆေးဝါးရိက္ခာတွေ လိုအပ်နေပါတယ်။ ဆရာဝန်တွေလည်း လိုအပ်နေပါတယ်။ ရပ်ရွာကာကွယ်ရေးတွေမှာလည်း ထိခိုက်ဒဏ်ရာတွေအတွက် ဆေးဝါးတွေ လိုအပ်နေပါတယ်။ NUG အစိုးရ နိုင်ငံတကာ အစိုးရတွေ ကူညီကြပါဦး။ ဆေးဝါးတွေ လိုအပ်နေပါတယ်” လို့ ပြောပါတယ်။
လတ်တလောမှာ ပြည်သူတွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို နိုင်ငံခြားကနေ တင်သွင်းတာမှာ ဒေါ်လာတန်ဖိုးမြင့်ပြီး ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေတာကြောင့် ကုမ္ပဏီတွေနဲ့ ကုန်သည်တွေ ကိုယ်တိုင် အခက်အခဲ ကြုံနေရတယ်လို့ ဆေးဝါးကုန်သည် တယောက်က ပြောပါတယ်။
“ဒီကောင်တွေကို sanctions လုပ်တဲ့ ကိစ္စတွေရော၊ သင်္ဘောနဲ့မှာမှ သက်သာတယ်ဆိုတော့ လေယာဉ်ပျံနဲ့ဆို ဈေးကြီးတယ်။ လေယာဉ်ပျံနဲ့မှာလည်း ရတယ်။ နိုင်ငံခြားငွေ ရှားပါးတဲ့ဟာ လိုတယ်။ ပြီးရင် စာရွက်စာတမ်းကိစ္စတွေ ပေးနိုင်ကမ်းနိုင်တဲ့ ဟိုအရင်တုန်းကလိုပဲ ယန္တရားအတိုင်းပေါ့ လာဘ်ပေးလာဘ်ယူကိစ္စတွေ ဖြတ်သန်းရတာဆိုတော့ အဲ့ဒီမှာ သွင်းချင်တိုင်း သွင်းလို့မရဘူး။ ပါမစ်တစောင်ဘယ်လောက်၊ ပါမစ်ဆိုတာ စစ်တပ်က သတ်မှတ်တဲ့ စည်းကမ်းတွေရှိတယ်။ နိုင်ငံခြားကသွင်းတဲ့ ဘယ်ပစ္စည်းမဆို ပေါပေါများများဆိုတာ မရှိတာများတယ်။ ဆေးဝါးတို့ ဓာတ်ဆီတို့ကတော့ ပိုဆိုးတာပေါ့။ ကုမ္ပဏီတွေကျတော့လည်း အမြတ်ကိုတင်မှာပဲ။ မြတ်တယ် ပစ္စည်းဖြုန်းအား ရောင်းအား ရှိတယ်၊ သူ့ပစ္စည်းက Main Stream လိုင်းပေါက်တယ်ဆိုရင်တောင်မှ သူက ကွန်တိန်နာတလုံး သွင်းလိုက်ရင် သင်္ဘောတခါမှာလိုက်တယ်၊ အမှာစာနဲ့မှာတယ်၊ ငွေပေးလိုက်ပြီဆိုရင် သူ့ပစ္စည်းက ဒီဈေးကွက်ထဲ ကွန်တိန်နာဆိပ်ကမ်းထိတောင် သူ့ပစ္စည်းမဟုတ်သေးဘူး။ ဂိုထောင်ထဲကို ရောက်ဖို့အတွက်က အချိန်တခုလိုတယ်။ အဲ့ဒီအချိန်ကို တွက်ပြီးတော့မှ သူတို့ရဲ့ အမြတ်အစွန်းကို တင်တာ။ တကယ်တမ်း ခံရတာက အခြေခံလူတန်းစားကတော့ အဆိုးဆုံးပဲ။”
မြန်မာပြည်သူတွေဟာ ၂၀၂၀ စက်တင်ဘာလမှာ ကိုဗစ်-၁၉ ပထမလှိုင်း၊ ၂၀၂၁ ဇွန်လမှာ ဒုတိယလှိုင်း၊ ၂၀၂၂ မတ်လမှာ တတိယလှိုင်းတွေကို ရင်ဆိုင်ခဲ့ရပြီး ကမ္ဘာတဝန်း ကိုဗစ်ရောဂါ ကူးစက်သေဆုံးမှုကို စောင့်ကြည့်တဲ့ Worldometer ရဲ့ ၂၀၂၄ ခုနှစ်အထိ စာရင်းတွေအရ ပြည်သူ ၁၉,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဒုတိယလှိုင်းမှာ ကူးစက်သေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး လှိုင်း ၃ ခုမှာ နိုင်ငံတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၆ သိန်းခွဲနီးပါး ရှိခဲ့တာပါ။ NLD လက်ထက် ကိုဗစ် ပထမလှိုင်းတုန်းက အစိုးရက တတ်စွမ်းသရွေ့ ကူညီစောင့်ရှောက်တာကို ပြည်သူတွေ ရခဲ့ပေမဲ့ စစ်ကောင်စီလက်ထက် ဒုတိယနဲ့ တတိယလှိုင်းမှာ ကူးစက်သေဆုံးမှု စာရင်းကိုတောင် အတိအကျ မကောက်နိုင်ခဲ့ပါဘူး။
စစ်ကောင်စီက ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ထက် သူတို့အာဏာလုယူမှု အထမြောက်ဖို့ကိုသာ အားစိုက်ခဲ့ပြီး ရန်ကုန်က သုသာန် ၄ ခုမှာ မီးသင်္ဂြိုဟ်စက်တွေ မနိုင်တော့အောင် ရုပ်အလောင်းတွေ များပြားခဲ့ပါတယ်။
ရန်ကုန်က သုသာန်တွေမှာ တရက်ကို ရုပ်အလောင်း ၃,၀၀၀ ကျော်အထိ မီးသင်္ဂြိုဟ်နိုင်မယ့် မီးဖို ၁၀ လုံး တပြိုင်တည်း တည်ဆောက်နေတယ်လို့ ၂၀၂၁ ဇူလိုင် ၂၇ ရက်နေ့ MRTV သတင်းမှာ စစ်ကောင်စီက ကြေညာခဲ့ပြီး ရေဝေးသုသာန် ၅ ပေါက်တွဲ ၂ တွဲ ပါဝင်တဲ့ မီးဖို ၅ လုံးနဲ့ လူ ၅၀ ကို ၁ နာရီအတွင်း မီးသင်္ဂြိုဟ်နိုင်ဖို့ ပြင်ဆင်ခဲ့တာပါ။
ဆရာဝန်တဦးက “သက်ခိုင်ဝင်း(စကစကျန်းမာရေးဝန်ကြီး)က ဘာပြောလဲဆိုတော့ ဆေးဝါးနဲ့ဆိုင်တဲ့ ပစ္စည်းတွေကို မသမာသူလက်ထဲ မရောက်အောင် ဘယ်လို စီစဉ်ဆောင်ရွက်ရမလဲ ဆိုတဲ့ဟာတွေ၊ သူတို့ပြောချင်တာကတော့ PDF ပေါ့ အဓိကကတော့လေ။ အဲ့လိုမျိုးတွေ နှုတ်မိန့်တွေ ညွှန်ကြားတာတွေ ရှိတယ်။ အဓိကကတော့ ငှက်ဖျားပေါ့။ ငှက်ဖျားဆေးတွေ ဘာတွေဆိုရင် မပေးသွားဖို့ပေါ့နော်။ ရှင်းရှင်းပြောရရင် ဆရာဝန်တယောက်က လူနာကို ရန်သူဖြစ်ဖြစ် မိတ်ဆွေဖြစ်ဖြစ် ကုသမှု လုပ်ကိုလုပ်ရမှာလေ။ ဒါ ကျနော်တို့ ကျင့်ဝတ်ပေါ့နော်။ သိချင်တာက အဲ့ဒီ သက်ခိုင်ဝင်းဆိုတဲ့လူက ဘယ်ကမ္ဘာကနေ ဆေးပညာကို သင်လာပြီးတော့မှ ဒီလိုမျိုးစကား ပြောရက်လဲပေါ့။ စစ်တပ်ခိုင်းသမျှ စစ်တပ်က ပြောသမျှဟာတွေ အကုန်လုံးကို ခေါင်းညိတ် လိုက်လုပ်နေခိုင်းတာကြီးက ဆရာဝန်တယောက်အနေနဲ့ သူ့ကိုယ်သူ ယူဆလားပေါ့နော်။ အဲ့လိုမျိုးမေးခွန်းတွေ အများကြီးပေါ့။ တကယ် နယ်မှာလိုနေတဲ့ ဆေးတွေ ကျေးရွာတွေမှာလိုနေတဲ့ ဆေးတွေ အရေးပေါ်ဆေးတွေဆိုရင် ရန်ကုန်ကနေ မန္တလေးကနေ ရှာပြီးတော့မှ ပို့ကြတယ်ဗျာ။ ပို့တဲ့အချိန်မှာဆိုရင်လည်း ကြားထဲကနေ ဆေးပစ္စည်းတွေဆိုရင် သိမ်းပစ်တာတို့ဘာတို့ လုပ်ကြတာပေါ့နော်။ ဒါကတော့ နယ်မှာရောက်နေတဲ့လူတွေရဲ့ ကျန်းမာရေးစနစ်ကို ပိုပြီးတော့ ဆိုးရွားစေတယ်ပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီက ပြည်တွင်းက ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ခေတ်မီနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ မကြိုးစားဘဲ အရင်အာဏာရှင်တွေလက်ထက်က ပုံစံအတိုင်း ပြည်တွင်းက သူတို့ပိုင် ဆေးဝါးစက်ရုံတွေကို အဓိကထား ပြန်လည်ပတ်ဖို့ ကြိုးစားနေပါတယ်။
နိုင်ငံခြားဝင်ငွေ မရှိတော့တဲ့အချိန်မှာ ခေတ်မမီတော့တဲ့ အင်းစိန်၊ ပြင်ဦးလွင်၊ ကျောက်ဆည်တို့မှာ တည်ရှိတဲ့ BPI ဆေးဝါးစက်ရုံတွေကိုပဲ အားကိုးပြီး ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းမယ့် အခြေအနေမျိုး ဖြစ်နေတာပါ။
ဆေးဝါးကုန်သည်တဦးက “ဆေးစက်ရုံ BPI ကပဲ အစဉ်အဆက် ကိုင်ထားပြီးတော့ BPI နဲ့ပတ်သက်တဲ့ သူဌေးတွေ ဘာညာ နိုင်ငံခြားက ကုန်ကြမ်းသွင်းလာမယ်၊ BPI စက်ရုံကို ကုန်ကြမ်းပေးမယ်၊ လည်ပတ်ခိုင်းမယ်၊ ထွက်လာတဲ့ပစ္စည်းကို စစ်တပ်က အမယ် ၁၀၀ ထွက်လာရင် ပစ္စည်းသွင်းတဲ့ကောင် ကုမ္ပဏီက ဘယ်လောက်ယူမလဲ။ နိုင်ငံတော်အတွက်က ဘယ်လောက်၊ အဲ့ဒါ BPI လည်ပတ်တဲ့ပုံ။ BPI မှာမှလည်း စစ်တပ်က ဦးပိုင်ကပါတဲ့ ပြင်ဦးလွင်စက်ရုံ ရှိတယ်။ ကျောက်ဆည်စက်ရုံ ရှိတယ်။ Drip တလုံးဆိုရင် ၂,၅၀၀ နဲ့ တခုချင်းစီကအစ NLD လက်ထက် ၈ နှစ်လောက်ကြားမှာ ဗဟိုကဖြေလျှော့တဲ့အခါမှာ တော်တော်လေး အလကားရခဲ့တယ်ပေါ့နော်။ ကင်ဆာတို့ ဘာတို့ဆို ပိုဆိုးတာပေါ့။ ဈေးကြီးကြီး သိန်းကျော်တန်ဆေးတွေ ရဖို့နေနေသာသာ ဆေးထိုးအပ်တချောင်းတောင် ဝယ်နေရတဲ့ အခြေအနေဆိုတော့ ဒီလိုပဲ လှည့်ပတ်ပြီးတော့ပဲ ကုကြရတာတွေပေါ့။ ကျောက်ကပ်ဆေးတာမျိုးပေါ့၊ ကင်ဆာ ကီမိုသွင်းတာ ဒုတိယအဆင့်လိုမျိုးပေါ့၊ နာတာရှည်မှာ ဆိုရင်၊ ပန်းနာရင်ကြပ်ဆိုရင် စက်နဲ့ရှူရတဲ့ အဆင့်မျိုးပေါ့။ ဆီးချိုဆိုရင် Type 2 အင်ဆူလင် လက်မောင်းထိုးရတဲ့ အဆင့်မျိုး၊ အဲ့ဒါမျိုးကျတော့ ကုန်ကျစရိတ်က တော်တော်ပြဿနာရှိတာကိုး၊ ဆင်းရဲရင်” လို့ ပြောပါတယ်။
၂၀၂၀ အထိ မှတ်တမ်းတွေအရ NLD အစိုးရလက်ထက်မှာ နိုင်ငံတဝန်း ကျန်းမာရေးဝန်ထမ်း ၁၂၀,၀၀၀ ကျော်ရှိခဲ့ပြီး စစ်အာဏာစသိမ်းချိန်မှာ ဝန်ထမ်း ၈၀,၀၀၀ ကျော်ဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဝန်ထမ်း ၄၀,၀၀၀ ကျော် ၅၀,၀၀၀ နီးပါးသာ CDM ဆက်ဝင်နေကြပါတယ်။
လူဦးရေ ၅၅ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ မူလကျန်းမာရေးဝန်ထမ်း ၁၂၀,၀၀၀ ကျော် ရှိတုန်းကတောင် လုံလောက်တဲ့အခြေအနေ မဟုတ်ခဲ့တာကြောင့် လက်ရှိ Non CDM ဝန်ထမ်းအင်အားဟာ စစ်ကောင်စီအတွက် ကျန်းမာရေးယန္တရားကို ပုံမှန်လည်ပတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။
ဆရာဝန်တဦးက “များသောအားဖြင့်ကတော့ တတ်နိုင်တဲ့လူတွေကတော့ အပြင်ဆေးခန်းပဲ သွားကြတာပေါ့နော်။ မတတ်နိုင်တဲ့လူတွေကတော့ ကျန်းမာရေးစနစ်ကတော့ အရင်တိုင်းပဲ ပေါ့နော်။ ဒုံရင်းဒုံရင်းပဲ။ ဝန်ထမ်းအင်အား မလုံလောက်တဲ့အတွက်ကြောင့် ပိုပြီး ကြန့်ကြာမှု ခက်ခဲမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ပြီးရင် အရင်တုန်းက သားဖွားမီးယပ်ပေါ့၊ မီးယပ်ပိုင်းဆိုင်ရာ ဆိုရင်လည်း ကလေးတွေကို မွေးပေးတဲ့အခါ စရိတ်မျှပေးရှိတယ်၊ အခုနောက်ပိုင်းဆို အရမ်းကုန်လာတယ်။ Non CDM တချို့က ဘာလုပ်လဲဆိုရင် အပြင်ဆေးခန်းမှာ ရှင်သန်ဖို့ပဲ သူတို့ရဲ့ အငုံ့စိတ်လို့ ခေါ်မှာပေါ့နော်၊ တချိန်ကျရင် ငါတို့က အလုပ်ပြုတ်တော့မှာ၊ ဒီအချိန် ငါတို့ရသမျှ ရှာထားမယ်ဆိုတဲ့ စိတ်နဲ့များ ရှာနေကြလား မသိဘူးပေါ့နော်။ အပြင်ဆေးခန်းတွေမှာဆို လူတွေက စည်စည်ကားကားပဲ၊ အစိုးရဆေးရုံတွေမှာဆိုရင်တော့ တန်းစီကြဦးပေါ့” လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ နိုင်ငံတဝန်း လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်တာတွေ မပြုလုပ်နိုင်သေးပေမဲ့ တတ်စွမ်းသရွေ့ ကြိုးစားပြီး ကူညီနေတယ်လို့ ဆိုပါတယ်။
လမ်းပန်းဆက်သွယ်ရေး မကောင်းတာကြောင့် လိုအပ်တဲ့ပြည်သူတွေဆီကို အချိန်နဲ့တပြေးညီ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ကတော့ ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်နေပါတယ်။
NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “ကျန်းမာရေးဝန်ကြီးဌာနအောက်မှာ ဆေးရုံပေါင်း ၆၆ ရုံ၊ ရွှေ့ပြောင်းဆေးခန်းတွေ အပါအဝင် ဆေးခန်းပေါင်းက ၂,၀၀၀၊ ၃,၀၀၀ တတိုင်းပြည်လုံးမှာ ရှိပြီးတော့ လူထုကို ဝန်ဆောင်မှုတွေပေးတယ်။ တယ်လီကျန်းမာက ဝန်ဆောင်မှုပေးတယ်၊ အထူးကုဆရာဝန်ကြီးတွေက အစပေါ့။ NUG အစိုးရက ဆေးတက္ကသိုလ်တွေ ပြန်ဖွင့်လှစ်ပြီးတော့ ဆရာဝန်တွေ၊ သူနာပြုတွေ မွေးထုတ်ဖို့ လုပ်ကိုင်နေတယ်။ ဒါပေမဲ့ ကျနော်တို့မှာ ငွေရေးကြေးရေး အပြည့်အစုံမရှိဘူး။ တော်လှန်ရေးအင်အားစုတွေအောက်မှာ ထိန်းချုပ်နယ်မြေ များလာတာနဲ့အမျှ ကျန်းမာရေးဝန်ဆောင်မှု ပေးရတဲ့ ကဏ္ဍတွေ များလာတယ်။ တိုင်းရင်းသား ပြည်နယ်တွေမှာ ဆိုရင်လည်း ကြားကာလအုပ်ချုပ်ရေးကဏ္ဍတွေနဲ့ ဆေးရုံတွေမှာ အတတ်နိုင်ဆုံး ပူးတွဲဆောင်ရွက်ပေးတယ်။ CDM ဝန်ထမ်းတွေလည်း ကျနော်တို့ ဦးညွှတ်အလေးပြုပါတယ်။ နိုင်ငံတကာကနေ အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီ ဆောင်ရွက်ခြင်းအားဖြင့် ပြည်နယ် တာဝန်ခံတွေနဲ့လည်း လက်တွဲပြီးတော့ လုပ်ဆောင်သွားလို့ရတယ်ဆိုတာ ပြောကြားချင်ပါတယ်” လို့ ပြောပါတယ်။
ကုလသမဂ္ဂနဲ့ လက်အောက်ခံ အေဂျင်စီတွေ၊ အာဆီယံ၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့တို့က အကူအညီတွေပေးဖို့ ကြိုးစားမှုတချို့ ရှိခဲ့ပေမဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးအကြောင်းပြ ကန့်သတ်မှုတွေကြောင့် ကျန်းမာရေးဆိုင်ရာ လိုအပ်တဲ့ အကူအညီတွေဟာ တကယ်လိုအပ်တဲ့ ပြည်သူတွေဆီကို မရောက်ခဲ့ပါဘူး။
ဒေသတွင်း ကျန်းမာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့တွေ၊ ပရဟိတအဖွဲ့တွေရဲ့ သွားလာကူညီခွင့်တွေဟာလည်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
မဖြစ်မနေ အဆင်သင့်ရှိနေဖို့လိုတဲ့ ငှက်ဖျား၊ တီဘီ၊ ကာလဝမ်းရောဂါ၊ HIV ဆိုင်ရာဆေးဝါးနဲ့ အကူအညီတွေကို သယ်ယူပေးပို့တာကိုလည်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက နှုတ်မိန့်နဲ့ တားမြစ်ကန့်သတ်ထားတာကြောင့် ကျေးလက်နေ ပြည်သူတွေအတွက် ရေရှည်မှာ ပိုကြီးမားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့လာရဖို့ ရှိနေပါတယ်။
သုတချမ်းသာ