Home
မြန်မာသတင်း
ပဲခူးတွင် ပြည်သူ့စစ်ဖွဲ့ရန် စစ်တပ်က လူစုဆောင်းနေ
DVB
·
February 8, 2024
Bago Pyithusit_08022024

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်မှာရှိတဲ့ မြို့ပေါ်ရပ်ကွက် အများစုမှာ စစ်ကောင်စီက‌ ဖေဖော်ဝါရီ ပထမအပတ်ကစပြီး ပြည်သူ့စစ်ဖွဲ့ဖို့အတွက် လူစုဆောင်းတာတွေ ဆက်တိုက် ပြုလုပ်လာတယ်လို့ ပဲခူးမြို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပဲခူးမြို့ မှော်ကန်ရပ်ကွက်၊ အုတ်တွင်းရပ်ကွက်နဲ့ သံလမ်းကွက်သစ် ရပ်ကွက်တွေမှာ စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီကနေတဆင့် ပြည်သူ့စစ်အတွက် လူတောင်းခံနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မှော်ကန်ရပ်ကွက်နေ ဒေသခံတဦးက “ကျနော်တို့ရပ်ကွက်မှာက အစည်းအဝေးတောင် မိန်းကလေးတွေပဲ ခေါ်ပြောတာ။ မဲတော့ မနှိုက်လိုက်ရဘူး။ လိုက်မယ့်သူတွေက အဆင်သင့်ရှိပြီးသား။ ဘယ်နှစ်ယောက်လဲတော့ မသိဘူး။ အဲ့တော့ လိုက်မယ့်သူတွေအတွက် တအိမ် ၅,၀၀၀ လစဉ်‌ထောက်ပံ့ပေးရမယ်လို့ အုပ်ချုပ်ရေးမှူးက သတ်မှတ်လိုက်တယ်” လို့ ပေြာပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်ထဲဝင်မယ့်သူတွေကို လတ်တလော စစ်သင်တန်းသာပေးထားပြီး ရှေ့တန်းလိုက်စရာမလိုဘဲ အရေးကြီးမှ လက်နက်ထုတ်ပေးမှာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲဖြစ်မှ အတူဝိုင်းတိုက်ရမယ်လို့လည်း ပြောဆို စည်းရုံးထားတယ်လို့ သိရပါတယ်။

သံလမ်းကွက်သစ်ရပ်ကွက်မှာ နေထိုင်သူတဦးက “တအိမ်ထောင်ကို မဲနှစ်မဲနှိုက်ရမယ်လို့ ပြောတယ်။ ဒီဘက်ကကျတော့ ပိုက်ဆံလည်း မပေးနိုင်ကြတာများတော့ လူပဲလိုက်ရမယ်ထင်တယ်” လို့ ပြောပါတယ်။

ပဲခူးမြို့မှာ ရပ်ကွက်ပေါင်း ၅၀ ကျော်ခန့်ရှိပြီး စစ်ကောင်စီက ဖေဖော်ဝါရီ ၅ ရက်ကစလို့ ပဲခူးမြို့ နန်းတော်ရာရပ်ကွက်မှာ ပြည်သူ့စစ်ဖွဲ့ဖို့နဲ့ မီးရထားသံလမ်း ကင်းစောင့်ဖို့ဆိုပြီး လူအင်အား စုဆောင်းနေကာ ပြည်သူ့စစ်ဖွဲ့ဖို့ လူအင်အား အသင့်ရှိတဲ့ နေရာတွေမှာတော့ တအိမ်ကို ငွေကျပ် ၅,၀၀၀ ကနေ ကျပ် ၄၀,၀၀၀ အထိ ကောက်ယူနေတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024