မလေးရှားနိုင်ငံ၊ ဆီလန်ဂါပြည်နယ်နဲ့ ပီရက်ပြည်နယ်တို့မှာ အထောက်အထားစာရွက်စာတမ်း မပါရှိဘဲ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသား ၁၃ ဦးကို ဖေဖော်ဝါရီ ၈ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ပီရက်ပြည်နယ်၊ ဂျာရတ်မြို့ အရှေ့တောင်ဘက် ၇ မိုင်အကွာမှာ ဒီကနေ့မနက် ၉ နာရီကျော်က တရားမဝင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ လှေတစီးကို တွေ့ရှိတဲ့အတွက် ပီရတ် ရေကြောင်းညွှန်ကြားရေမှူး မိုဟာမက် ဟမ်ဘလီနဲ့အဖွဲ့က စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးမှုအရ လှေပေါ်မှာတွေ့ရှိတဲ့ အသက် ၂၀ မှ ၃၇ နှစ်ကြား မြန်မာနိုင်ငံသား ၈ ဦးကို ကမ်းခြေမှ ၁၅ မိုင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်မှု၊ အထောက်အထား စာရွက်စာတမ်း မပါရှိမှုနဲ့ လှေမှာ နိုင်ငံခြားသား အလုပ်လုပ်ခွင့် မှတ်ပုံတင်မထားတဲ့အတွက် ဖမ်းဆီးခဲ့ပါတယ်။
ဆီလန်ဂါပြည်နယ် အနောက်တောင်ဘက် ၁၃ မိုင်ကျော် အကွာမှာလည်း ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၂ နာရီလောက်က ငါဖမ်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို ကမ်းခြေမှ ၁၅ မိုင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်မှု၊ အထောက်အထား စာရွက်စာတမ်း မပါရှိမှုနဲ့ လှေမှာ နိုင်ငံခြားသား အလုပ်လုပ်ခွင့် မှတ်ပုံတင်မထားမှုတို့နဲ့ ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးလုံးကို ငါးလုပ်ငန်းဦးစီးဌာန ခွင့်ပြုချက်မရှိဘဲနဲ့ ငါးဖမ်းခြင်းနဲ့ ရေမိုင် ၁၅ မိုင်အတွင်း ငါးဖမ်းမှုတို့အတွက် ငါးလုပ်ငန်းဥပဒေ၊ အထောက်အထား စာရွက်စာတမ်း မရှိခြင်းတို့အတွက် လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ လိုင်စင်ဥပဒေ ချိုးဖောက်မှုတို့အတွက် ဆက်သွယ်ရေးဥပဒေတို့နဲ့ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။