စစ်ကောင်စီရဲ့ အောင်ဘာလေ အွန်လိုင်းထီထိုးပြီး ဆုပေါက်သူတွေ ဆုငွေပြန်လွှဲပေးမခံရတဲ့ ဖြစ်ရပ်တွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတချို့ဆီက သိရပါတယ်။
အောင်ဘာလေအွန်လိုင်းထီ ဆုအသေးပေါက်သူတွေကို ထီထိုးစဥ်က အဆိုပြုထားတဲ့ အွန်လိုင်းငွေလွှဲအကောင့်တွေဆီ ဆုကြေးငွေ ပြန်လွှဲပေးတဲ့စနစ် အသုံးပြုနေတာဖြစ်ပြီး ထီဖွင့်ပြီး တပတ်ကျော်တဲ့အထိ ငွေမဝင်တာမျိုး ကြုံနေတာလို့ ဆိုပါတယ်။
ကျပ် ၁ သိန်းဆုပေါက်ထားသူတဦးက “ဆုငွေလည်း အကောင့်ထဲမဝင်သလို စုံစမ်းမေးကြည့်တော့လည်း ပြန်မဖြေဘူး။ ကိုယ့်လိုပဲ ဆုငွေမဝင်တဲ့သူတွေ ရှိတယ်ဆိုတာ မေးမြန်းကြည့်မှ သိရတယ်” လို့ ပြောပါတယ်။
နောက်ထပ် ကျပ် ၅၀,၀၀၀ ဆုပေါက်ထားသူ တဦးကလည်း ဆုငွေမရသေးကြောင်းနဲ့ အောင်ဘာလေ အွန်လိုင်းထီစာမျက်နှာမှာ ဆက်သွယ်မေးမြန်းကြည့်တော့ လုပ်ငန်းစဥ် မပြီးပြတ်သေးလို့ အချိန်ပေး စောင့်ပေးဖို့ အကြောင်းပြန်ကြောင်း ပြောပါတယ်။
စစ်ကောင်စီက အောင်ဘာလေ အွန်လိုင်းထီကို ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းက စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး စစ်တပ်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Mytel က နည်းပညာပိုင်း လုပ်ကိုင်ခွင့်ရထားတာ ဖြစ်ပါတယ်။
အဲဒီထီကို စစ်တပ်ထောက်ခံသူ အများစုကသာ ဝယ်ယူကံစမ်းနေတာဖြစ်ပြီး ကျပ်သောင်းဂဏန်းဆုနဲ့ ကျပ် ၁ သိန်းဆုတွေသာ ပေါက်သူများပြီး ဆုကြီးပေါက်သူ မတွေ့ရတာနဲ့ ပတ်သက်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။
အောင်ဘာလေအွန်လိုင်းထီရဲ့ အမြင့်ဆုံးဆုက ကျပ်သိန်း ၅၀၀ ဖြစ်ပြီး ဆုကြီးပေါက်သူတွေဟာ ပုံနှိပ်ထီလိုပဲ လူကိုယ်တိုင် ထုတ်ယူရတာလို့ သိရပါတယ်။